DVB Logo
Home
မြန်မာသတင်း
“နိုင်ငံအတွက် အကောင်းဆုံးကြိုးစား‌ကြမယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီး ဖျော်ဖြေခဲ့ကြတာပါ” -Project K
DVB
·
October 13, 2020
“နိုင်ငံအတွက် အကောင်းဆုံးကြိုးစား‌ကြမယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီး ဖျော်ဖြေခဲ့ကြတာပါ” -Project K
Donate to DVB

Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေနေကြတဲ့ Project K အဖွဲ့ရဲ့ တင်ဆက်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေတဲ့အပေါ် သူတို့အဖွဲ့က ပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။

“ကျနော်တို့ မနေ့က Asia Song Festival 2020 ပွဲမှာ ဖျော်ဖြေတုန်းက ရွှေတိဂုံစေတီတော် ပုံရိပ်ကို အောက် LED မှာပြ‌နေတယ်ဆိုတာ ကျနော်တို့ ဖျော်ဖြေပြီးမှ သိခဲ့ရတာပါခင်ဗျ။ မနေ့က မဖျော်ဖြေခင် Run through Rehearsal ၂ ခေါက် လုပ်ရပါတယ်... အဝတ်အစား အပြည့်အစုံနဲ့ ပွဲမှာ ဖျော်ဖြေသလို အပြည့်ကပြရတာပါ (တခြား Korea Idol တွေအပါအဝင် ပွဲဖျော်ဖြေသလို တောက်လျှောက်လုပ်သွားရတော့ နေရာချချိန်တောင် မရခဲ့ပါဘူးဗျ) LED မှာပြမယ့် Video တွေအကုန်လုံးကလည်း ပွဲကပဲ စီစဉ်တာပါ။ ပထမတစ်ကြိမ် rehearsal မှာ LED မထိုးသေးပါဘူး။ ဒုတိယအကြိမ် rehearsal ဖျော်‌ဖြေရတဲ့အချိန်မှာမှ LED တွေ ပါလာတာပါ။ အောက်မှာ LED လင်းနေမှန်းတော့ သိပေမယ့် rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်း သေသေချာချာ မသိခဲ့ပါဘူး။ (Rehearsal က နေ့ခင်းမှာ လုပ်ရတာကတစ်‌ကြောင်း၊ Stage အရမ်းကြီးတာကတစ်ကြောင်း၊ အပေါ်စီးက ရိုက်မှသာ မြင်နိုင်မှာဖြစ်တာကတစ်ကြောင်း အောက် LED ကပုံရိပ်မှာ ရွှေတိဂုံ‌စေတီတော် ပုံရိပ်ပါတယ်ဆိုတာ ကျွန်တော်တို့လည်း လုံးဝ သတိမထားမိခဲ့ပါဘူး”

မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေ လင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့က Asia Song Festival 2020 မှာ သူတို့အဖွဲ့ရဲ့ ဖျော်ဖြေမှု ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ ပြန်လည်ဖယ်ရှားပစ်ခဲ့ပါတယ်။

“ကျွန်တော်တို့အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေပါပဲ။ အောက်ခြေမှာ အခုလိုရှိ မှန်းသိရင် ကျွန်တော်တို့လည်း ထည့်ခိုင်းမှာမဟုတ်ပါဘူးဗျ) အောက်ခြေ LED မှာ ရွှေတိဂုံ‌စေတီတော်ပုံပေါ်နေတယ်ဆိုတာကို တစ်ကယ့်ဖျော်ဖြေရေးပြီးလို့ video ပြန်ကြည့်မှ သိခဲ့ရတာပါခင်ဗျ၊၊ Rehearsal အချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက် အ ကောင်းဆုံး ကြိုးစား‌ကြမယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီးဖျော်ဖြေခဲ့ကြတာပါ။ ပွဲပြီးလို့ ကြည့်မိတော့မှ အခုလိုပဲ ဖြစ်နေခဲ့တာပါဗျာ။ ကျွန်တော်တို့ Project K အဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အခုလိုလွဲချော်မှုဖြစ်သွားခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် ... အားလုံးကိုလဲ ဒီကနေ အနူးအညွတ်တောင်းပန်အပ်ပါတယ်”

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Project K အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဝီလျှံကလည်း ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးပျက်ပြားပြီး အမုန်းပွားစရာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ ထပ်မံတောင်းပန် ထားပါတယ်။

“ကျနော်တို့လည်း ကြိုတင်မမြင်ထားမိတဲ့အတွက် အရမ်းမှားသွားပါတယ်။ ကိုရီးယားတွေဘက်ကလည်း တမင်ရည်ရွယ်ပြီးလုပ်တာ လုံးဝ မဟုတ်ပါဘူး။ အခု Stage က မြန်မာ-ကိုရီးယား သံတမန်ချစ်ကြည်ရေး (၄၅ နှစ်ပြည့်) အနေနဲ့ ကိုရီးယားဘက်က မြန်မာနိုင်ငံကို အများကြီး Promote လုပ်ပေးချင်တဲ့ စေတနာတွေကြောင့် မတော်တဆ မှားသွားတာပါ။ မတူညီတဲ့ ယဉ်ကျေးမှု အယူအဆတွေကြောင့် သူတို့လည်း မသိပဲ ပြမိလိုက်တဲ့အမှားကို Show organizer team အကြီးအကဲကိုယ်တိုင်က တောင်းပန်လာပါတယ်။ ကိုရီးယားတွေဘက်ကလည်း မြန်မာလူမျိုးတွေကို ချိုးနှိမ်ချင်တဲ့စိတ် လုံးဝမရှိသလို မြန်မာ့ယဉ်ကျေးမှုကို စော်ကားလိုတဲ့ဆန္ဒလည်းအလျင်းမရှိပါဘူး။ အခုလို ဖြစ်သွားတဲ့ ကိစ္စမှာလည်း အားလုံးကို အနူးအညွတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ။ ဒေါသလေးတွေ လျှော့ပြီး ကျနော် ပြောတာလေး ခဏလောက် စဉ်းစားပေးပါလို့ ညှိုးငယ်စွာနဲ့ ကျနော် တောင်းဆိုပါရစေ”

မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့်သင်ကြားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သမ္မတမွန်းကို တောင်းဆိုခဲ့တယ်လို့  ကိုရီးယားနိုင်ငံအခြေစိုက် arirang.com သတင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိစဉ်  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

မွန်းဂျေအင်းကတော့ Project K အဖွဲ့ကို ပြုစုပျိုးထောင်တာဟာ နှစ်နိုင်ငံကြား ပိုမိုအားကောင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့သင်္ကေတဖြစ်လာစေမှာ ဖြစ်ပြီး ထောက်ပံ့ ကူညီပေးမှုတွေ လုပ်ဆောင်သွားဖို့ ကတိပေးခဲ့တာပါ။

နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေများစွာမှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ သူတို့အဖွဲ့ရဲ့ Stay Strong အမည်ရ မြူးဇစ်ဗီဒီယို တပုဒ် ထွက်ရှိထားခဲ့ပါတယ်။

သိပ်မကြာသေးခင်ကလည်း Project K အဖွဲ့ဟာ သဘင်ပညာရှင် မင်းသား ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့နဲ့ တွဲဖက်ကာ  မိုးရာသီသဘင်ပွဲတော်မှာ ပါဝင်ဖျော် ဖြေခဲ့ပါသေးတယ်။

“ကျနော်တို့ ဒီပွဲကိုဖျော်ဖြေဖို့အတွက်လည်း စိတ်ရောလူရော ရှိသမျှခွန်အားတွေ ဉာဏတွေ စိုက်ထုတ်ပြီး အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ။ Korea မှာလာလုပ်တဲ့ Training နေ့ရက်တိုင်းက အရမ်းပင်ပန်းလွန်းပေမယ့် နောက်ဆုံးရလဒ်က အမိမြန်မာနိုင်ငံအတွက်ပါ။ (Training တွေက ပြင်းထန်လွန်းလို့ နေ့တိုင်းမိုးလင်းမိုးချုပ်ငရဲလိုပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပျော်စရာဆိုလို့ ထမင်းစားတဲ့အချိန်တစ်ခုပဲရှိပါတယ်) Injury တွေရလို့ လက်တစ်ဖက် Dislocate ဖြစ်ပြီးမလှုပ်နိုင်တာတောင် ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေ တ ခြားနိုင်ငံအလယ်မျက်နှာမငယ်ရဖို့အတွက် မာန်တင်းပြီး အစွမ်းကုန်ကြိုးစားခဲ့တာပါ။ ကျနော် ဒီပွဲမှာ ဖျော်ဖြေတယ်ဆိုတာ ကိုယ့်ကိုယ်ကျိုးအတွက် လုံးဝမဟုတ်ပါဘူး၊ Project K အတွက်လည်း မဟုတ်ဘူး၊ ကိုယ့်နိုင်ငံအတွက်ဆိုတဲ့ စိတ်တခုတည်းပဲ ရှိပါတယ်။ ဒါကြောင့် နှစ်ဖက်လုံး စေတနာကြောင့် မှားသွားတဲ့အမှားအတွက် ကျနော်တို့တွေ အမှားကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ အနူးအညွတ်တောင်းပန်ပါရစေခင်ဗျာ” လို့  Project K အဖွဲ့က တောင်းပန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013