
၁၉၉၀ ပြည့်နှစ်တွေကတည်းကဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေထဲမှာ အမျိုးသမီး ၈ ယောက်ကို သတ်ဖြတ်ခဲ့တာကို ဝန်ခံခဲ့တဲ့ Long Island ဗိသုကာပညာရှင် ရက်စ် ဟော်ယာမန်းကို ဇွန် ၁၇ ရက်မှာ ပြစ်ဒဏ် ချမှတ်တော့မှာပါ။
ရက်စ် ဟော်ယာမန်းကို ပြစ်ဒဏ် ချမှတ်တာဟာ DNA အထောက်အထားတွေက ၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးခံရတဲ့အထိ စုံစမ်းစစ်ဆေးသူတွေကို ဟန့်တားခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကွင်းဆက် လူသတ်သမားအမှုကို အဆုံးသတ်စေမှာလည်း ဖြစ်ပါတယ်။
သူက အပြစ်ဝန်ခံခဲ့လို့ လွတ်ငြိမ်းခွင့် မရှိဘဲ တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခံရဖို့ မျှော်လင့် နေကြပါတယ်။
အသက် ၆၂ နှစ်အရွယ် ရက်စ်ဟော်ယာမန်းက နယူးယောက်မြို့၊ ရေးဗားက်ဒ်မြို့နယ်မှာ ရှိတဲ့ တရားသူကြီးကို ဝန်ခံခဲ့တာပါ။
သူဟာ အသက် ၂၀ ကျော် အမျိုးသမီးတွေကို လည်ပင်းညှစ်သတ်ခဲ့ပြီး တချို့ကို အပိုင်းပိုင်း ဖြတ်တောက်ပြီး မိုးကာဖျင်ကြမ်းနဲ့ ထုပ်ပိုးထားတဲ့ အလောင်းတွေကို စွန့်ပစ်ခဲ့တယ်လို့ ဆပ်ဖော့ခ် ခရိုင်ရှေ့နေရုံးက ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုပါတယ်။
ဟော်ယာမန်းဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်းဖြစ်ခဲ့တဲ့ လူသတ်မှု ၇ မှုနဲ့ တရားစွဲဆို ခံခဲ့ရပြီး ဆောင်းဦးရာသီမှာ ရုံးတင်စစ်ဆေးဖို့ စီစဉ်ထားပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ သူ့ကို ရုံးထုတ်ချိန်အတွင်း စွဲချက်တွေထဲမှာ မပါသေးတဲ့ ၈ ကြိမ်မြောက် လူသတ်မှုကို ဝန်ခံခဲ့ပါတယ်။
ဂီလ်ဂိုကမ်းခြေလူသတ်မှုတွေဟာ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၁ ခုနှစ်တွေမှာ နယူးယောက်မြို့ရဲ့ အရှေ့ဘက် မိုင် ၃၀ လောက် အကွာမှာရှိတဲ့ ဂီလ်ဂိုကမ်းခြေက လူရှင်းတဲ့နေရာတလျှောက်မှာ ရဲတွေက လူ့အရိုးစုတွေ အများကြီးကို တွေ့ခဲ့ပြီးတဲ့နောက် ပြည်လုံးကျွတ် အာရုံစိုက်မှုကို ရခဲ့ပါတယ်။
နှစ်ပေါင်းများစွာ သံသယရှိသူကို မဖော်ထုတ်နိုင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုက ရုပ်ရှင်တွေနဲ့ မှတ်တမ်း ရုပ်ရှင်တွေကို လှုံ့ဆော်ပေးခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေက မန်ဟက်တန်ရပ်ကွက်မှာ သူ့ကို နောက်ယောင်ခံလိုက်နေချိန်မှာ စောင့်ကြည့်ရေးအဖွဲ့ တခုက ပစ်ချခဲ့တဲ့ ပီဇာဗူးခွံကနေ စုဆောင်းရရှိတဲ့ DNA ကို သုံးပြီး သူ့ကို အမှုနဲ့ တစိတ်တပိုင်း ချိတ်ဆက်နိုင်ခဲ့ပါတယ်။
ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ကြားနာမှုအတွင်း ဟော်ယာမန်းနဲ့ သားကောင်တွေရဲ့ မိသားစုဝင်တွေ နှစ်ဖက်စလုံး စကားပြောဆိုကြဖို့ မျှော်လင့်ထားကြပါတယ်။
Source:Reuters










