DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် ပိတ်ဆို့မှုနှင့် စက်သုံးဆီကြောင့် ကုန်ဈေးနှုန်းမြင့်တက်ပြီး ထမင်းနပ်မှန်ရန် ရုန်းကန်နေရ
မောရစ်
·
March 26, 2026
Photo: DVB
Photo: DVB
Donate to DVB

တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လမ်းကြောင်းပိတ်ဆို့မှုနဲ့ စက်သုံးဆီ ပြတ်လပ်မှုတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာနေပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းမှာ ဆီတလီတာ ကျပ် ၁၀,၀၀၀ အထိ ပေါက်ဈေးရှိနေပြီး စစ်ဘေးရှောင်တွေဟာ အသားဟင်း မပြောနဲ့၊ ထမင်းနပ်မှန်ဖို့တောင် ရုန်းကန်နေရပါတယ်။

လက်ရှိ စစ်ရေးအရှိန်မြင့်နေတဲ့ ကရင်နီပြည်နယ်ထဲမှာ ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းတွေ မြင့်တက်လာနေတဲ့အပြင် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေပါ ဈေးနှုန်းတွေ တက်လာနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

စစ်ရှောင်အများစု နေနေတဲ့ ဒီးမော့ဆိုအနောက်ခြမ်းမှာ အရင်က ဓာတ်ဆီတလီတာကို ၃,၅၀၀ ရှိရာကနေ လက်ရှိမှာ ၁၀,၀၀၀ ထိ မြင့်တက်လာနေတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခတွေနဲ့ ကုန်ပစ္စည်းဈေးတွေပါ အနောက်ကနေ ဈေးလိုက်တက်နေတာပါ။

ကုန်သည်တယောက်က “အရင်တုန်းကဆို ဆန်တအိတ်မှ ကျပ် ၉၀,၀၀၀ ၊ တသိန်း ဝယ်ရတဲ့ဆန်ဆို အခု တသိန်းခွဲ ဖြစ်သွားတာပေါ့။ ပြီးတော့ ဥပမာ အချိုရည်ဆိုရင်လည်း ရိုးရိုးအချိုရည် စပျစ်အချိုရည်ဆိုရင် ၁၁,၀၀၀ ဝယ်ရတဲ့အချိန်မှာ အခုဆို ၁၄,၀၀၀ ဖြစ်သွားပြီ။ အကုန်လုံး တက်တယ်၊ ပြောမယ်ဆို နောက်ဆုံး ကြွပ်ကြွပ်အိတ်ကအစ တက်တယ်”လို့ ပြောပါတယ်။

အီရန်စစ်ပွဲတွေကြောင့် လောင်စာဆီ ဈေးနှုန်းတွေ တက်လာတာအပြင် ကရင်နီပြည်နယ်ရဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးရဲ့ နယ်မြေအများစုကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်သလို တမြို့နဲ့တမြို့ကို ဆက်သွယ်ထားတဲ့ တံတားအများစုဟာလည်း စစ်ရေးအရ ဖျက်ဆီးခံထား ရပါတယ်။

ဒါကြောင့် ထိုင်းနယ်စပ်ကဝင်တဲ့ ကုန်တွေဟာ သယ်ယူစရိတ် ပိုပေးနေရတဲ့အပြင် လမ်းကြောင်းတလျှောက် အခွန်ခ တိုးတောင်းတဲ့ဂိတ်တွေကြောင့်လည်း ကုန်ဈေးနှုန်းတွေပါ လိုက်တက်နေရတာလို့ ကုန်သည်တွေက ပြောပါတယ်။

လက်ရှိ ရန်နိုင်မင်းစစ်ဆင်ရေး တစိတ်တပိုင်းအနေနဲ့ စစ်တပ်ဟာ ပြည်ထောင်စုလမ်းမကြီးကို ချုပ်ကိုင်ပြီးတော့ စီးပွားရေးအရကော စစ်ရေးအရကော ထောက်ပံ့ပေးနိုင်တဲ့ လမ်းကြောတချို့မှာ အထိုင်ချ တပ်စွဲ နေရာယူထားနိုင်ပြီလို့ ဘောလခဲမှာရှိတဲ့ စစ်ရေးရင်းမြစ်က ဆိုပါတယ်။

ဒါကလည်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဘက်မှာ ကုန်ဈေးနှုန်းတက်စေတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။

လောင်စာဆီ ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်တွေကို  စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေလည်း အပြင်းအထန် ခံစားနေကြရပါတယ်။ 

ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်တယောက်က “နဂိုတည်းက စစ်ရှောင်တွေက အလုပ်မရှိဘူး၊ စားဝတ်နေရေး ခက်ခဲနေတယ်။ ခက်ခဲနေတဲ့ကြားမှာ ဆီဈေးက တက်သွားတဲ့အချိန်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် တက်သွားတယ်။ ဆန်ဆိုလည်း အရင်တုန်းက ၂၄ ပြည်ပါတဲ့ တအိတ်ဆို ကျပ် တသိန်းလောက်နဲ့ ရပေမဲ့ အခုက အများကြီးထပ်တက်တယ်။ အရင်တုန်းက တပတ်မှာ နှစ်ကြိမ်လောက် အသားဟင်း စားနိုင်တယ်ဆိုရင် မစားနိုင်တော့တာလည်း ဖြစ်နေတယ်။ တလမှ တခေါက်၊ နှစ်ခေါက် စားနိုင်တော့တဲ့ အခြေအနေပေါ့”လို့ ပြောပါတယ်။

သတ္တုတူးဖော်ရေး အရေးပါတဲ့ မော်ချီးဒေသမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကုန်လမ်းကြောင်း မလုံခြုံမှုတွေကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ တိုးလာနေပြီး အစားအသောက်နဲ့ နေ့စဉ်သုံးပစ္စည်းတွေပါ ဈေးလိုက်တက်နေတယ်လို့ မော်ချီးဒေသခံက ပြောပါတယ်။

သတ္တုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ လောင်စာဆီနဲ့ စက်ပစ္စည်းပို့ဆောင်ရေး အခက်အခဲတွေကြောင့် လုပ်ငန်းတချို့ ယာယီရပ်နားထားရပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းလာနေပါတယ်။

မော်ချီးဒေသခံတယောက်က “ကုန်ကားတွေက နေ့တိုင်း အဝင်အထွက်မရှိဘူး။ တပတ်လောက်နေမှ တခေါက်တက်လိုက် နှစ်ခေါက်တက်လိုက် အဲဒီလိုမျိုး။ ကုန်ဈေးနှုန်းတွေတော့ တက်တယ်၊ စားဆီတို့ ဆန်တို့ ဟင်းချက်စရာပိုင်းတွေမှာ အရင်ထက်စာရင် ကျပ် ၅,၀၀၀၊ ကျပ် ၁၀,၀၀၀ လောက် ကွာသွားတယ်” လို့ ပြောပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် စစ်ရှောင်အများစုရဲ့ နေ့စဉ် စားဝတ်နေရေး အပိုင်းတွေမှာ ဖိအားတွေ ရှိလာနေပြီး လောင်စာဆီတွေကြောင့်လည်း စစ်ရှောင်စခန်းတွေဆီ ထောက်ပံ့ရေးလုပ်ငန်းတွေ ပိုခက်လာနေတဲ့အတွက် ရှေရှည် လူမှုရေး၊ ကျန်းမာရေးတွေပေါ် ထိခိုက်မှုတွေ တိုးလာနိုင်တဲ့အပေါ် ကရင်နီပြည်နယ်က စစ်ရှောင်တွေ စိုးရိမ်ပူပန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013