
စစ်မှုထမ်းပြီးသူတွေကို ပြည်ပအလုပ်ရှာပြီးစေလွှတ်ပေးမယ်လို့ စစ်အာဏာရှင်ရဲ့ အလုပ်သမားဌာနက ပြောထားပေမဲ့ နောက်ဆက်တွဲဖြစ်လာမဲ့ အကျိုးဆက်တွေရှိနေတာကြောင့် ဆောင်ရွက်ပေးဖို့ ဆန္ဒမရှိဘူးလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
စစ်မှုထမ်းပြီးသူတွေအတွက် ပြည်ပအလုပ် အကိုင်ရရှိအောင် ဆောင်ရွက်ပေးဖို့ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA)ရဲ့ တာဝန်ရှိသူတွေကို အလုပ်သမားဝန်ကြီးဌာနက အသိပေးပြောထားတာလို့ အေဂျင်စီလုပ်ငန်းရှင် တယောက်က အတည်ပြုပါတယ်။
“မဖြစ်မနေတော့မဟုတ်ပါဘူး။ ကူညီပေးဖို့ပါ။ ပထမပိတ်ထားတာက စစ်မှုထမ်းဖို့အတွက်ပဲ လေ။ အခုဟာက စစ်မှုထမ်းပြီးသူဆိုတော့ အကျုံးမဝင်တော့ဘူး။"
အဲဒီလို စစ်တပ်က ထွက်လာသူတွေအတွက် အလုပ်ကိုင်အခွင့်အလမ်းဖန်တီးပေးရင် လုပ်ငန်း ပုံရိပ် ထိခိုက်မှာ၊ ဝေဖန်တိုက်ခိုက်ခံရမှာကို စိုးရိမ်ကြသူတွေရှိတယ်လို့ အေဂျင်စီ လုပ်ငန်းရှင် တချို့က ဆိုပါတယ်။
ဒါပေမဲ့ အာဏာသိမ်းကာလအတွင်းမှာ စစ်တပ်အသိုက်အဝန်းနဲ့ ပတ်သက်သူတွေ အေဂျင်စီ လောကထဲ ဝင်ရောက်လုပ်ကိုင်နေတာကြောင့် အဲဒီအေဂျင်စီတွေက အဓိကပို့မဲ့ အနေအထား တွေ့ရတယ်လို့ ပြည်ပအလုပ်အကိုင်စျေးကွက် ရှာဖွေသူတယောက်က ပြောပါတယ်။
"သူတို့ ပို့မယ်ဆိုလည်း အချိန်တော့ယူရဦးမယ်။ လောလောဆယ် အသက်အကန့်သတ်တွေနဲ့ ပိတ်ထားတော့ ပြန်ချိတ်ဆက်ရမှာတွေရှိသေးတယ်။"
စစ်အာဏာရှင်အနေနဲ့ စစ်မူထမ်းပြီးသူတွေကို အလုပ်အကိုင်ရှာဖွေပေးမဲ့အစီအစဉ်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ရေးဆွဲပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။
အရင်စစ်ကောင်စီခန့် အလုပ်သမားဒုဝန်ကြီးဦးဝင်းရှိန်က စစ်မှုထမ်းပြီးသူတွေ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်တာဝန်ယူပြီး အစပျိုးခဲ့တာလည်း ဖြစ်ပါတယ်။
သတ်မှတ်စစ်မှုထမ်းကာလ ပြီးဆုံးတဲ့သူတွေအနေနဲ့ ပြည်ပထွက်အလုပ်လုပ်ဖို့ ဆန္ဒရှိရင် သွားရောက်လိုတဲ့ နိုင်ငံမှာလုပ်ကိုင်နိုင်ဖို့ သက်ဆိုင်တဲ့အေဂျင်စီနဲ့ ချိတ်ဆက်ပေးတာ၊ ပြည်တွင်းမှာ လုပ်ကိုင်ဖို့ ဆန္ဒရှိသူကိုလည်း အလုပ်ရအောင်စီစဥ်ပေးသွားမယ်ဆိုပြီး ဦးဝင်းရှိန်က ပြောခဲ့တာ ရှိပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှာမပေးနိုင်တဲ့ စစ်အာဏာရှင်ဟာ နိုင်ငံတွင်း လုပ်သားအင်အား ဆုံးရှုံးမှု ရှိနေလို့ဆိုပြီး အကြောင်းပြကာ စစ်မှုမထမ်းရသေးတဲ့ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ယောကျ်ားလေးတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ထားပါတယ်။
ဒါပေမဲ့ စစ်မှုထမ်းပြီးသူတွေကိုတော့ ပြည်ပမှာ သွားရောက်လုပ်ကိုင်နိုင်အောင်စီစဉ်နေခဲ့ပြီး လူငယ်တွေ စစ်မှုထမ်းချင်အောင် တဖက်လှည့်နဲ့ မက်လုံးပေးလာတာလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မူထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီလမှာ အသက်သွင်းခဲ့ပြီး ဧပြီလဆန်းမှာ အပတ်စဥ် ၁ စတင်ဖွင့်လှစ်ခဲ့ကာ လူငယ် လူရွယ်တွေကို အဓမ္မ စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းကို ပို့နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ အပတ်စဥ် ၂၀ ကျော်ဖွင့်လှစ်ထားပြီးဖြစ်သလို အစောပိုင်းအပတ်စဥ်တွေမှာပါဝင်ခဲ့ပြီး စစ်မှုထမ်းသက်တမ်းပြည့်သွားတဲ့ အသက်ရှင်ကျန်သူအနည်းငယ်ကို ဆက်လက် စစ်မှုထမ်းချင်အောင် ရာထူးအဆင့်တိုးပေးကာ မက်လုံးပေးဆွဲထားတာရှိသလို အိမ်ပြန်ခွင့် ပေးလိုက်သူတွေလည်း ရှိနေပါတယ်။










