
ပြည်ပရောက် မြန်မာလုပ်သားတွေ မိသားစုဆီတရားဝင် ငွေလွှဲပို့အောင် ကြပ်မတ်ပြီး နိုင်ငံခြားငွေရအောင် ရှာပေးနေတဲ့ အေဂျင်စီတွေကို ဂုဏ်ပြုလက်မှတ်ပေးကာ စစ်အာဏာရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက စည်းရုံးနေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။
စစ်အာဏာရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက “ဂုဏ်သိက္ခာရှိသောရွှေ့ ပြောင်းသွားလာခြင်းမှတဆင့် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့မိသားစုဝင်များ၏ လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မူဆီသို့” ခေါင်းစဥ်နဲ့ ဇူလိုင် ၈ ရက်ကလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အေဂျင်စီတွေကို ဂုဏ်ပြုလက်မှတ် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြည်ပရောက်လုပ်သားတွေရဲ့ လုပ်ခလစာကို မိသားစုဆီ တရားဝင်စနစ်တကျ အပြည့်အဝ အများဆုံးလွှဲပို့နိုင်အောင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးတာကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း မှတ်တမ်းလွှာမှာ ရေးသားထားပြီး စစ်အာဏာရှင်ခန့် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက လက်မှတ်ထိုးထားပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က “ငွေလွှဲများတဲ့ အေဂျင်စီ၊ သူတို့နဲ့ ပနံသင့်တဲ့သူ ဂုဏ်ပြုတာ။ စစ်အုပ်စုအတွက် ပိုက်ဆံရှာပေးတာက ဂုဏ်ယူစရာမှမဟုတ်တာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရက ပြည်ပရောက်လုပ်သားတွေကို မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နူန်း တရားဝင်လွှဲပို့ဖို့နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပေးဆောင်ဖို့ ဖိအားပေးထားတာ ဖြစ်ပါတယ်။
အဲဒီလို အလုပ်သမားကငွေလွှဲပို့အောင် အေဂျင်စီတွေကို ကြပ်မတ်တာဝန်ယူခိုင်းထားပြီး သတ်မှတ်ပမာဏ ပြည့်မီအောင် လွှဲပို့တာမရှိရင် စေလွှတ်တဲ့အေဂျင်စီကို သတိပေးအရေး ယူတာမျိုးလည်း စစ်အာဏာရှင်အစိုးရက လုပ်နေတယ်လို့ အေဂျင်စီအသိုက်အဝန်းဆီက သိရပါတယ်။
အေဂျင်စီလုပ်ငန်းရှင်တယောက်က “အလုပ်သမားက မလွှဲလည်း အေဂျင်စီက ကိုယ်စား အိတ်စိုက်ပြီး စာရင်းပြနေရတယ်။ မဟုတ်ရင် အရေးယူမယ်တကဲကဲ လုပ်နေတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်ပရောက်အလုပ်သမားတွေကို လွှဲပို့ငွေ အထောက်အထားပြနိုင်မှ ပတ်စ်ပို့ သက်တမ်းတိုးပေးတာ၊ ပြန်လည်ထွက်ခွာခွင့်ပြုတာမျိုးနဲ့လည်း စစ်အာဏာရှင်အစိုးရက အကျပ်ကိုင်ထားပါတယ်။
Photo: လူမူကွန်ရက်










