DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်း ရာသီဥတုပူပြင်း၍စိုက်ပါးခင်း အောင်ရေ ရရှိရေး အခက်တွေ့
DVB
·
November 24, 2019
Donate to DVB

ရာသီဥတုပူပြင်းတာကြောင့် အင်းအိုင်ချောင်းမြောင်းတွေမှာ ရေတွေခန်းခြောက်နေပြီး ကရင်ပြည်နယ်က စပါးစိုက်တောင်သူတွေအနေနဲ့ စပါးခင်းအောင်ရေရဖို့ ခက်ခဲနေတယ်လို့ ဒေသခံ လယ်သမားတွေက ဒီဗွီဘီကို ပြောပါတယ်။

စပါးစိုက်တောင်သူတွေအနေနဲ့ ရာသီဥတုပြောင်းလဲလာတာကြောင့် ဒေသနဲ့ကိုက်ညီတဲ့ အထွက်တိုး မျိုးစပါးတွေကို ပြောင်းလဲစိုက်ပျိုးလာတာတွေရှိပေမယ့် စပါးအောင်ရေအတွက် တနှစ်ထက်တနှစ် ရေရှားပါးလာတာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းရွာ ဦးစောပေါ်လင်က “ဒီနှစ်က ကြည့်ပါလား။ ဝါကုန်ရော။ စိတ်ညစ်တာ လက်ကုန်ပဲ။ရေလည်းမရှိဘူး အခု(မြေ)နင်းလိုက်ရင် မာကတောက်နေတာပဲ။ မိုးမရွာတဲ့အခါ စိတ်ဓာတ်ကျတာပေါ့” လို့ ပြောပါတယ်။

မိုးရွာရက်ဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်း လျော့နည်းလာတဲ့အတွက် တနိုင်ငံလုံးအတိုင်းအတာအရ ရာသီဥတုပူပြင်းလာရတာလို့ ပြည်နယ်မိုးဇလဦးစီးဌာန လက်ထောက်ညွန့်ကြားရေးမှူးက ပြောပါ တယ်။

ကော့ကရိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုး ဒေါ်နော်သူးလေထီးက “ကျမတို့အနေနဲ့ကတော့ မျိုးပြောင်းလဲဖို့တွေ စိုက်နည်းစနစ်ပြောင်းလဲပေမယ့်လည်း အဓိကပြဿနာက တောင်သူတွေရဲ့ မိုးခေါင်တဲ့အခါ ရေရှားတဲ့အခါမှာ ရေစုပ်ယူမယ့် ချောင်းမြောင်းတွေ ဖော်ထုတ်ပေးမယ်ဆိုရင်တော့ တောင်သူတွေဘဝ တိုးတက်မယ်”လို့ ပြောပါတယ်။

လှိုင်းဘွဲမြို့နယ်၊ထီလုံကုန်းကလေးကျေးရွာ၊ ဦးကဲကြီးက “အရင်တုန်းကဆိုရင် အအေးဓာတ်ရှိတော့ စပါးက ပူလိုက် အေးလိုက်ဆိုတော့ နှင်းကျလို့ရှိရင် စပါးကကောင်းတယ်။ အခုက ဝဲလည်းကြဲတယ်။ရေလည်းသွင်းတာ အပူချိန်က များနေတဲ့အခါကျတော့ ဘယ်လိုလုပ်ကောင်း တော့မလဲ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးစပါးဧက ၄ သိန်းကျော်ရှိပြီး တောင်သူတွေအနေနဲ့ ဒေသနဲ့ကိုက်ညီတဲ့ ဆင်းသုခ၊ မနောပျက်၊ ပုလဲသွယ်၊ ရက် ၉၀ မျိုးစပါးတွေကိုပဲ အဓိကစိုက်ပျိုးရာမှာ ၁ ဧက တင်း ၆၀ လောက်ပဲထွက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စပါးစိုက်ပျိုးရာမှာ မိရိုဖလာသမားရိုးကျစိုက်ပျိုးနည်းစနစ်ကနေ ဒေသနဲ့ကိုက်ညီပြီး ရာသီဥတု ဒဏ်ခံနိုင်တဲ့ SRI စိုက်ပျိုးနည်းစနစ်ဟာ စပါးအထွက်နှုန်းအနေနဲ့ ၁ ဧက တင်း ၁၂၀ ကနေ ၁၅၀ အထိ အထွက်တိုးပေမယ့် ပြောင်းလဲစိုက်ပျိုးဖို့ ရေနဲ့ လုပ်သား အခက်အခဲတွေ ရှိနေတာပါ။

ဒါကြောင့် ကရင်တပြည်နယ်လုံးမှာ SRI စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ပျိုးပြီးတာ ၆၂ ဧကပဲ ရှိတယ်လို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ကရင်ပြည်နယ်မှာ မိုးစပါးဧက ၂ သိန်းကျော်ဟာ မိုးသည်းသည်းထန်ထန်ရွာတာ၊ တောင်ကျ ချောင်းရေတွေကြောင့် မိုးစပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးတာကို နှစ်စဉ်ကြုံရသလို စပါး အောင်ရေ ရဖို့လည်း နှစ်စဉ်အခက်ကြုံနေရပါတယ်။

ရဲမင်းခေါင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013