
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ မနေ့ မွန်းလွဲပိုင်းက ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အင်းတော်မြို့နယ်၊ ထီးချိုင့်-ကျောင်းကုန်း ကားလမ်း မိုင်တိုင် (၁/၁) မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ထီးချိုင့်ဘက်ကနေ ကျောင်းကုန်းဘက် ဇော်ဒန်အောင်(ခ)ကိုဇော် မောင်းနှင်လာတဲ့ Nissan Saloon ယာဉ်အား စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဝဲ/ယာတံခါး ၄ ဘက်အောက်ရှိ ဖောင်းလိုင်းအတွင်း အံဝှက်ထဲမှ ဆပ်ပြာခွက် ၁၀၅ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၁.၀၅ ကီလို၊ တံဆိပ်မပါ စိတ်ကြွဆေးပြား ၅၂၆၅၀ ပြား၊ လက်ကိုင်ဖုန်း ၁ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဇော်ဒန်အောင်(ခ)ကိုဇော်(ဖမ်းမိ)အား အင်းတော်မြို့မရဲစခန်းက မယ(ပ) ၁၂၇/၂၀၁၉၊ မူး/ စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။











