
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အင်ကြင်းပင်ရွာကို ဇွန် ၁၉ ရက် ညနေ ၄ နာရီခွဲကျော်လောက်မှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတယောက်ကို သတ်ဖြတ်ပြီး လူနေအိမ်ကိုပါ မီးရှို့ထားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကတဆင့် ကနီမြို့နယ်အတွင်းကို ဝင်ရောက် စစ်ကြောင်းထိုးနေတာဟာ ၂ လလောက်ကြာနေပြီလို့ သိရပါတယ်။
ဒေသခံတယောက်က “ယာကြီးဘက်ကနေ စစ်ကြောင်းထိုးလာတာဗျ။ အဲဒီလို စစ်ကြောင်းထိုးပြီး ကျနော်တို့ရွာက အသက် ၆၃ နှစ်ရှိတဲ့ ဦးဝင်နိုင်ကို သတ်သွားတယ်ဗျ။ အိမ်တလုံးလည်း မီးရှို့သွားတယ်။ စစ်ကြောင်းက ဇွန် ၂၀ ရက် မနက်ခင်းက ထွက်သွားတာ။ အလောင်းက ညနေပိုင်း ရွာသားတွေ ရွာထဲ ပြန်ဝင်တော့မှ တွေ့ရတာ” လို့ ပြောပါတယ်။
စစ်ကြောင်းထိုးလာတာကြောင့် ရွာ ၁၄ ရွာထက်မနည်းက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တယောက်က “အသက် ၆၅ နှစ်အရွယ်ကို ဘောင်းဘီရှည်ဝတ်ပေးပြီး သတ်ထားခဲ့ကြတာ။ စစ်ကြောင်းက အခု မင်းကင်းမြို့နယ်၊ ကျော်ရွာဆီ ရောက်သွားပြီ။ တိုက်ပွဲတွေကတော့ ပြောက်ကျားတော့ ဖြစ်ပါတယ်။ အသေးစိတ်ကတော့ ကျနော်တို့ ထုတ်ပြန်ပေးပါမယ်” လို့ ပြောပါတယ်။
စစ်ကြောင်းဟာ အင်ကြင်းပင်ရွာအတွင်းက ဒေသခံတွေရဲ့ နေအိမ်တွေကို မွှေနှောက်ရှာဖွေပြီး မျိုးစပါးသီးနှံတွေကို ဖျက်ဆီးခဲ့သလို လယ်ထွန်စက်၊ ဆိုင်ကယ်နဲ့ ကားတချို့ကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။










