
ရန်ကုန်မှာ စားအုန်းဆီ တပိဿာ ပြင်ပပေါက်ဈေး ကျပ် ၂၀,၀၀၀ အထိ ပေးဝယ်နေရပြီး ဈေးကွက်တည်ငြိမ်ရေးနဲ့ စားအုန်းဆီလိုအပ်ချက်တွေကို ဆောင်ရွက်နေတယ်လို့ စစ်အာဏာရှင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
ဒေါ်ခိုင်ခိုင်စိုးက သူ အသုံးပြုနေတဲ့ Dr Khaing Khaing Soe တယ်လီဂရမ်အကောင့်ကနေ ဇူလိုင် ၁၁ ရက်က ပြောဆိုတာဖြစ်ပါတယ်။
“နိုင်ငံတော်က ဆီတပိဿာကို ၇,၀၀၀ နဲ့ ၉,၀၀၀ ကြား ဒီနှုန်းနဲ့ ရောင်းပေးနေပေမဲ့ စာအုပ်နဲ့မဟုတ်တဲ့ ပြည်သူတွေရဲ့လက်ထဲကို ရောက်တဲ့အချိန်မှာ စားအုန်းဆီ တပိဿာ ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြား ဖြစ်နေတာဟာ ဝိသမလောဘသားတွေကြောင့်ပါပဲ။ ဒါကြောင့် ပြည်သူတွေ မနစ်နာရအောင် ဒါနဲ့ပတ်သက်ပြီးတော့လည်း စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်” လို့ ဆိုပါတယ်။
ပြည်သူတွေရဲ့ ဆီသုံးစွဲမှု လိုအပ်ချက်ကို ဖြည့်တင်းဖို့ တလကို စားအုန်းဆီ တန်ချိန် ၅၀,၀၀၀ ကျော် တင်သွင်းရပြီး တတန်ကို အမေရိကန်ဒေါ်လာ ၁,၁၅၀ ဖြစ်လို့ အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ကုန်ကျတယ်လို့လည်း သူက ဆိုပါတယ်။
တင်သွင်းလာတဲ့ စားအုန်းဆီတွေကိုလည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းနဲ့ ဖြန့်ဖြူးပေးနေပြီ ဝယ်ယူခွင့်ရရှိတဲ့ ဆီစာအုပ်ရှိတဲ့ ပြည်သူတွေ သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
စားအုန်းဆီကို ဆီစာအုပ်နဲ့ရောင်းချပေးတယ်လို့ဆိုပေမဲ့ လူရှိအကုန် ရောင်းချပေးတာမျိုး မဟုတ်ဘဲ ရပ်ကွက်တခုကို လူဦးရေ ၂၀၀ ကနေ ၃၀၀ ကြားပဲ ရောင်းပေးလို့ ပြင်ပပေါက်ဈေး ပိုကြီးလာတာလို့ ဆီစာအုပ်ဝယ်ယူနေသူတယောက်က DVB ကိုပြောပါတယ်။
“ရပ်ကွက်တခုမှာ လူဦးရေ ထောင်ချီ သောင်းချီရှိတယ်။ အဲဒါကို ဆီစာအုပ်လုပ်ပေးတော့ လူဦးရေ ၃၀၀ မပြည့်ဘူး။ ပေးတော့ တလမှ ဆီ ၁ ပိဿာ။ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ သေချာတွက်ကြည့်ရင် တရက်မှ ဆီ ၃ ကျပ်ခွဲသားပဲ စစ်တပ်က ပေးတာ” လို့ ပြောပါတယ်။
အာဏာရှင်စစ်တပ်က စီးပွားရေးကဏ္ဍထဲမှာ ဝင်ရောက်နေရာယူလာတာကြောင့် ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေဖြစ်ပြီး ဈေးနှုန်းတွေလည်း ကမောက်ကမဖြစ်ကုန်တယ်လို့ ဆီကုန်သည်တယောက်က DVB ကိုပြောပါတယ်။
“စစ်တပ်က စီးပွားရေးကဏ္ဍတွေမှာ ဝင်ပြီးလုပ်နေတော့ ဘယ်လိုမှ ကုန်ဈေးနှုန်းကို ထိန်းချုပ်လို့မရဘူး။ ဈေးကစားချင်လို့ ဝင်နေရာယူတယ်ဆိုရင် ပြည်သူတွေပဲ ဒုက္ခရောက်မှာ။ စစ်တပ်ရှိနေသရွေ့ ကုန်ဈေးနှုန်းက ထိန်းချုပ်လို့မရဘူး” လို့ ပြောပါတယ်။
ရန်ကုန်အထိုင် ရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတပိဿာကို ၇,၂၄၅ ကျပ်နှုန်းနဲ့ရောင်းချဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်စျေး တပိဿာကို ၁၈,၀၀၀ နဲ့ ၂၀,၀၀၀ ကြားဖြစ်နေတာပါ။
စစ်အာဏာရှင်တွေရဲ့ စားအုန်းဆီကို လုံလုံလောက်လောက် မတင်သွင်းနိုင်ဘဲ လျှော့ချဖြန့်ချိမဲ့အပေါ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တယောက်ကလည်း ခပ်ညံ့ညံ့ အစီအမံ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။










