၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဘရာဇီးက ပွဲပြီးခါနီးစက္ကန့်ပိုင်းအလိုမှာ မာတီနယ်လီရဲ့သွင်းဂိုးနဲ့ ဂျပန်အသင်းကို (၂-၁) ဂိုးနဲ့အနိုင်ရပြီး နောက်တဆင့် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်အားကစားကွင်းမှာ ဒေသအချိန် ဇွန် ၂၉ ရက်ကယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ဂျပန်အသင်းမှ ကိုင်ရှူးဆာနိုက ပထမပိုင်းပွဲချိန် ၂၉ မိနစ်မှာ အဖွင့်ဂိုးသွင်းပေးခဲ့လို့ ပထမပိုင်းမှာ ဂျပန်အသင်းက (၁-၀) နဲ့ ဦးဆောင်နေပါတယ်။
ဒုတိယပိုင်းမှာတော့ နည်းပြ အန်စလော့တီရဲ့ ဘရာဇီးအသင်းက အရှိန်မြှင့်တင်ကစားခဲ့တာမှာ မန်ယူနိုက်တက်ကွင်းလယ်လူ ကတ်စီမီရိုက ပွဲချိန် ၅၆ မိနစ်မှာ ခေါင်းတိုက်သွင်းယူပြီး ချေပဂိုးသွင်းပေးခဲ့ပါတယ်။ ဘရားဇီးအသင်း ဂိုးသွင်းခွင့်တွေ အများအပြားထပ်ရခဲ့ပေမဲ့ ဂျပန်ဂိုးသမား ဆူဇူကီးလက်စွမ်းပြကာကွယ်နိုင်ခဲ့သလို ဂျပန်နောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့လို့ ဘရာဇီးတို့ ဂိုးမရနိုင်ဘဲရှိနေပါတယ်။
ဒီနောက် နှစ်သင်းစလုံး ကြိုးပမ်းကစားခဲ့ကြပေမဲ့ ပွဲချိန် မိနစ် ၉၀ ကျော်လာတဲ့အထိဂိုးမသွင်းနိုင်ဘဲရှိနေလို့ အချိန်ပို ဆက်ကစားရဖို့ နီးကပ်လာချိန် နာကျင်အချိန်ပို ၅ မိနစ်မှာပဲ အာဆင်နယ်ကစားသမား မာတီနယ်လီက ဘရာဇီးအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ဒီပွဲအနိုင်ရသွားတဲ့အတွက် ဘရာဇီးအသင်းဟာ နောက်တဆင့် ၁၆ သင်းရှုံးထွက်အဆင့်မှာ နော်ဝေ ဒါမှမဟုတ် အိုင်ဗရီကို့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဂျပန်အသင်းကတော့ ပြိုင်ပွဲကနေ ထွက်သွားရပြီဖြစ်ပါတယ်။











