
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံမှာ ဧပြီ ၁၄ ရက် ဒီကနေ့ မနက် ၉ နာရီက သင်္ကြန်ရေပက်ခံကားတစီး နောက်ဘီးကျွတ်ပြီး တိမ်းမှောက်ခဲ့ရာ ကိုယ်ဝန်ဆောင်တယောက် အပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိုခံတွေက ပြောပါတယ်။
လူ ၁၃ ယောက် တင်ဆောင်လာတဲ့ သင်္ကြန်ရေပက်ခံကားဟာ တောင်မြောက်လမ်းဆုံမီးပွိုင့်မှ အမှတ် ၂ လမ်းမကနေပြီး ပြည်ထောင်စုလမ်းကို ကွေ့ရာ နောက်ဘီးကျွတ်ပြီး တိမ်းမှောက်သွားတာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
"ပြည်ထောင်စုလမ်းကိုကွေ့တဲ့အချိန် နောက်ဘီးကျွတ်ပြီး မှောက်သွားတာ။ အာလုံး ၁၃ ယောက်မှာ ၇ ယောက် ဒဏ်ရာရတယ်။ ရေပက်ခံကားပေါ်မှာ ကိုယ်ဝန်ဆောင်တဦးပါတယ်၊ သူလည်းထိတယ်၊ စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ဘူး။”
ယာဥ်တိမ်းမှောက်ပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီပေးနိုင်ဖို့ ရပ်ကွက်နေသူတွေက မြို့ဦး လုလင်နာရေးကူညီမှုအသင်းကို ဖုန်းဆက်အကြောင်းကြားပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ကားမှောက်တော့ ရပ်ကွက်ထဲက လူတွေကပဲ မြို့ဦးလုလင်နာကူအဖွဲ့ကို ဖုန်းဆက်အကြောင်းကြားပေးတာ။ အဲဒီအဖွဲ့ကပဲ ဒဏ်ရာရတဲ့သူ ၇ ယောက်ကို မေဓာဝီဆေးရုံကို ပို့ပေးတာ၊ အသေအပျောက်မရှိပါဘူး။”
ထိခိုက်ဒဏ်ရာရသူ ၇ ဦးမှာ မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံမှာ လက်တလော ဆေးကုသမှုခံယူနေတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။










