DVB Logo
Home
မြန်မာသတင်း
ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်များ ထုတ်ပေးမည်ဟု ဗဟိုဘဏ်ထုတ်ပြန်
DVB
·
November 16, 2019
Donate to DVB

မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေကြား အပြန်အလှန်ငွေလွှဲပို့နိုင်ဖို့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်တွေ ထုတ်ပေးတော့မယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၅ ရက် ရက်စွဲနဲ့ ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခွင့်ပြုတဲ့ စည်းမျဉ်းကို ထုတ်ပြန်ကြေညာလိုက်ပြီး တရားမဝင်ငွေလွှဲလုပ်ငန်းတွေ လျော့နည်းလာဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

လိုင်စင်လျှောက်မယ်ဆိုရင် လုပ်ငန်းအာမခံငွေအဖြစ် ကျပ်သိန်း ၁၀၀၀ ကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲခွင့်လိုင်စင်ရထားတဲ့ ဘဏ်တခုခုမှာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ပဲ ငွေထုတ်ယူနိုင်တဲ့ သဘောတူစာချုပ်နဲ့စာရင်းဖွင့် အပ်နှံရမှာဖြစ်ပြီး လုပ်ငန်းကြီးမားလို့ သိန်း ၁၀၀၀ ထက်ပိုပြီး အပ်နှံဖို့ညွှန်ကြားလာရင်လည်း အဲဒီလို ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ပြီးတော့ လုပ်ငန်းလှည့်လည်သုံးစွဲငွေတွေကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲခွင့်လိုင်စင်ရထားတဲ့ ဘဏ်တခုခုမှာ သီးခြားစာရင်းဖွင့်ထည့်ထားရမယ်လို့ သတ်မှတ်ထားပါတယ်။

ငွေလွှဲလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံကနေ ပြည်ပကိုလွှဲတာ၊ ပြည်ပကနေ မြန်မာနိုင်ငံကို မြန်မာနိုင်ငံကိုလွှဲတာတွေကို လက်ခံဆောင်ရွက်နိုင်မှာဖြစ်ပြီး ပြည်ပကိုပို့ဖို့ ငွေလက်ခံတာနဲ့ ပြည်ပကနေ လွှဲလိုက်တဲ့ငွေကို မြန်မာနိုင်ငံထဲမှာ ထုတ်ပေးတာကို ကျပ်ငွေနဲ့ပဲ ဆောင်ရွက်ရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

ငွေလွှဲတာတကြိမ်မှာ အများဆုံး ဒေါ်လာ ၁၀၀၀ နဲ့ ညီမျှတဲ့ ငွေပမာဏကိုပဲ လက်ခံ လွှဲပြောင်းနိုင်မှာ ဖြစ်ပြီး လူတယောက်အတွက် တလမှာ ဒေါ်လာ ၅၀၀၀ ထက်မပိုရဘူးလို့လည်း သတ်မှတ်ထား ပါတယ်။ 

ပြည်ပရောက်မြန်မာလုပ်သားတွေထံကနေ ပြည်တွင်းကို ငွေလွှဲပို့တဲ့ပမာဏဟာ အခု ၂၀၁၉ ဇန်နဝါရီကနေ ဇွန်လအထိ ၆ လတာကာလအတွင်း ငွေလွှဲပို့ တဲ့ပမာဏကတော့ ဒေါ်လာ   ၅၂၆ သန်းကျော် ရှိတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနကထုတ်ပြန်တဲ့ စာရင်းတွေအရ သိရ ပါတယ်။ 

မြန်မာနိုင်ငံက လူပေါင်း ငါးသန်းကျော်လောက်  ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်နေကြပြီး ဒီအထဲက အလုပ်သမား ၉ သိန်းလောက်ပဲ တရားဝင်ဘဏ်တွေကို အသုံးပြုပြီး ငွေလွှဲ ပို့နေကြတယ် လို့လည်း ဗဟိုဘဏ်စာရင်းတွေအရ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013