DVB Logo
Home
မြန်မာသတင်း
ဆင်းရဲနွမ်းပါးမှုကြောင့် လမ်းဘေးရောက်လာသည့် ကလေးများ ပိုတိုးလာ
DVB
·
May 22, 2026
Photo : DVB
Photo : DVB
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ ကျောင်းပြင်ပကို ရောက်ရှိလာတဲ့ ကလေးတွေ ပိုများလာသလို ဆင်းရဲနွမ်းပါးမှုတွေကြောင့် လမ်းဘေးကို ရောက်လာကြတဲ့ ကလေးတွေလည်း ပိုတိုးလာနေပါတယ်။ 

လမ်းဘေးက ကလေးတွေဟာ အခြေအနေ အကြောင်းအရင်း များစွာတွေကြောင့် ဆိုးသွမ်းတဲ့ လမ်းဘေးကလေးတွေအဖြစ် ပုံဖော်ခံထားရပါတယ်။

အသက် ၁၀ နှစ်တောင် ပြည့်ဦးမှာမဟုတ်သေးတဲ့ ကလေးငယ် ၃ ယောက်ဟာ ကားလမ်းမပေါ်မှာ ဘီယာဘူးတွေ ကိုင်ထားပြီး လမ်းပေါ်က ကားတွေကို ဆဲဆိုနေတဲ့ ရုပ်သံဖိုင်တခုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒီအခြေအနေအပေါ် ဝေဖန်မှုတွေနဲ့အတူ ကလေးသူငယ်အခွင့်အရေး လုပ်ဆောင်နေသူတွေကတော့ တိုင်းပြည် ဆင်းရဲနွမ်းပါးမှုရဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

လမ်းဘေးစာသင်ဝိုင်းက တာဝန်ရှိသူတယောက်က “ကျောင်းမတက်နိုင်တဲ့ ကလေးတွေ လမ်းပေါ် ရောက်လာတာက အဓိကကတော့ စီးပွားရေး မပြေလည်မှုတွေကြောင့် အများဆုံးဖြစ်တယ်လို့ မြင်တယ်။ သာမန် လူလတ်တန်းစား မိသားစုမျိုးဆိုရင်တောင်မှ လမ်းပေါ်ရောက်လာစရာ အကြောင်း မရှိဘူးပေါ့နော်။ သူတို့မှာက တခြား ရွေးချယ်စရာတွေ အများကြီးရှိတယ်။ အခြေခံ လူတန်းစားတွေ သူတို့ကလေးတွေအတွက်ကျတော့ ရွေးချယ်စရာ အဲဒီလောက် အများကြီး မရှိဘူးဗျ။ အဲဒါကြောင့်မို့လို့ပဲ လမ်းပေါ်ရောက်လာတယ်လို့ မြင်တယ်ပေါ့။ ပညာရေးစနစ်မှာလည်း ဟာကွက်တွေ အများကြီး ရှိနေတယ်။ ကွက်လပ်တွေ အများကြီးရှိတယ်။ စီးပွားရေးစနစ်မှာလည်း ကွက်လပ်တွေ ရှိနေတယ်။ ဆိုတော့ အားလုံးမှာ ကွက်လပ်တွေ အများကြီးဖြစ်နေတယ်။ ကလေးသူငယ်အခွင့်အရေး Child Rights တွေ Child Law တွေ စသဖြင့် ဒါတွေကကျတော့ ကျနော်တို့ ဒီစာရွက်ပေါ်မှာပဲ ရှိနေပြီးတော့ တကယ့်လက်တွေ့မှာ ဒီကလေးတွေ ခံစားနေရတဲ့ ဒုက္ခတွေ လူမှုရေးဒုက္ခ၊ စီးပွားရေးဒုက္ခတွေနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် ဘာမှ အရာမထင်သလို ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

တနှစ်ထက်တနှစ် လမ်းဘေးကလေးငယ်တွေ ပိုများလာဟာ တိုင်းပြည်စီမံအုပ်ချုပ်သူတွေမှာ အဓိက တာဝန်ရှိတာ ဖြစ်ပါတယ်။

ကလေးသူငယ်အခွင့်အရေးနဲ့ လမ်းဘေးကလေးအခွင့်အရေးတွေ လုပ်ဆောင်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း လွပ်လွပ်လပ်လပ် လုပ်ပိုင်ခွင့်ပြုပေးဖို့ လိုအပ်တယ်ဆိုတဲ့ မှတ်ချက်တွေ လည်း ရှိပါတယ်။

Mother’s Embrace Foundation မှ ဆရာသန်းမြင့်အောင်က “အစိုးရကောင်းတရပ်အောက်မှာ မရှိတာလည်း ပါတာပေါ့။ ပြောမယ်ဆိုရင်တော့ တိုင်းပြည်ကို သေချာ မစီမံ မခန့်ခွဲနိုင်ဘူး။ မစီမံနိုင်တဲ့အခါမှာ ကုန်စျေးနှုန်းတွေက တက်တယ်။ အဲလိုအခြေအနေတွေကြောင့် လူထုက ပိုပြီး ဆင်းရဲလာတယ်။ ဆင်းရဲလာတဲ့ နောက်ဆက်တွဲက အခုလို ပြဿနာတွေ ဖြစ်လာတာပေါ့။ ဒီကလေးတွေကို စာသင်ကျောင်းတွေမှာ ရောက်အောင် ပညာသင်ရမဲ့ အရွယ်မှာ ပညာသင်အောင် လုပ်ပေးဖို့၊ ဒီကလေးတွေကို လမ်းကြောင်းမှန် တည့်ပေးဖို့က သက်ဆိုင်ရာဒေသမှာရှိတဲ့ ရန်ကုန်လိုမျိုး၊ မန္တလေးလိုမျိုး မြို့တွေမှာ စကစမှာ တာဝန်ရှိတယ်။ ဆိုလိုချင်တာက လွတ်မြောက် နယ်မြေလား၊ အဲဒါဆို အန်ယူဂျီမှာ တာဝန်ရှိတယ်။ စကစ အနေနဲ့ ငါ့ကို မတော်လှန်ရင်ပြီးရော ဆိုတာ တခုတည်းကို မစဉ်းစားဘဲ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာကို သူတို့ တကယ် စိတ်စေတနာရှိရင် ဒီအချိန်ကတည်းက ဒီလုပ်ငန်းတွေ လုပ်ရမယ်လို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။

လမ်းဘေးကလေးငယ်တွေ သာမန်ကလေးတွေလို နေ့စဉ် ကျောင်းတက်ပြီး စာသင်ကြားနိုင်ဖို့ အခက်အခဲတွေရှိလို့ ပုံမှန်မဟုတ်တဲ့ သင်ကြားရေးစနစ်တွေနဲ့ ထောက်ပံ့ကူညီပေးမှုတွေလည်း လိုအပ်တယ်လို့ လက်ရှိ မြေပြင်မှာ လမ်းဘေးကလေးတွေကို ထောက်ပံ့ကူညီနေတဲ့ လမ်းဘေး စာသင်ဝိုင်းတခုရဲ့ တာဝန်ရှိသူက အကြံပြုပါတယ်။

“ဒီလို ကလေးတွေ လမ်းပေါ်မှာ တောင်းရမ်းစေတဲ့၊ လမ်းပေါ်ရောက်ရစေတဲ့ အဓိက အကြောင်းရင်းတွေကို ဖြေရှင်းဖို့ လိုအပ်တယ်။ ဒုတိယအနေနဲ့ကျတော့ ဒီလို  လေလွင့်ကလေးတွေ အတွက် သူတို့ကကျတော့ အစိုးရကျောင်းတွေမှာ စာမသင်ကြားနိုင်ဘူး။ အဲဒါကြောင့်မို့လို့ သူတို့အတွက် သမားရိုးကျမဟုတ်တဲ့ သင်ကြားရေးစင်တာတွေ လိုအပ်တယ်။ တတိယအနေနဲ့ ကျတော့ ဒီတာဝန်ရှိတဲ့လူတွေဘက်ကနေလည်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးကိရိယာတွေ ယန္တရားတွေ လုပ်ဖို့လိုအပ်တယ်။ ကျန်တာတွေလည်း အများကြီး လိုအပ်တာတော့ ရှိပါဦးမယ်ဗျ။”

ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကလေးအရေအတွက်ဟာ ၇ သန်းလောက် ရှိနိုင်ကြောင်း IPS Myanmar က ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲ ကလေးအလုပ်သမားက တသန်းကျော်ရှိနေပြီး ဆင်းရဲနွမ်းပါးတာ၊ သဘာဝဘေး အန္တရာယ်နဲ့ ရင်ဆိုင်ရတာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ၆ သိန်းကျော်က အကာအကွယ်မဲ့တဲ့ လုပ်ငန်းခွင်မှာ ရှိနေကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013