
အိန္ဒိယ-မြန်မာနယ်စပ်က ကလေး-ခါမ်းပါတ်-တမူး လမ်းပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ပြန်ထိုးလာနေပြီး လက်ရှိ မြေပြင် စစ်ရေး ပြင်းထန်နေတာကြောင့် တမူး-ခါမ်းပါတ်ကားလမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အသွားအလာ ယာယီပိတ်ထားလိုက်ရသလို ဒေသခံထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ကိုင်တွယ်မယ်လို့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က အိန္ဒိယခရီးစဉ်မှာ ပြောပြီးတဲ့နောက် လက်ရှိ ကလေး-ခါမ်းပါတ်-တမူး လမ်းပိုင်းကို စစ်တပ်စစ်ကြောင်းတွေ တိုးလာနေပါတယ်။
ဒီလို စစ်ကြောင်းထိုးလာတာကြောင့် ကလေး-ခါမ်းပါတ်-တမူး ကားလမ်းဘေးက ရွာတွေဖြစ်တဲ့ ခွန်မွန်းနွမ်၊ နန်ကတိတ်၊ ရန်မျိုးအောင်၊ စော်ဘွားရေရှင်နဲ့ ကျွန်းတောရေရှင်ရွာက ဒေသခံ ပြည်သူတွေဟာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးမြို့ပေါ်နဲ့ အနီးအနားက ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာ ဆွေမျိုးတွေဆီကို စစ်ဘေးရှောင်နေကြသလို အိန္ဒိယနယ်စပ်ဘက်ကို ဇွန် ၇ ရက်နေ့တည်းက ပြေးနေရပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ရေးရင်းမြစ်တယောက်က “Y8 (စစ်ဘက်သုံးလေယာဉ်) ၃ စီးနဲ့ ကလေးလေဆိပ်မှာ ခဲယမ်းတွေ လာချတာရှိတယ်။ ၅၅ မိုင်နဲ့ ခွန်မွန်းနွမ်မှာတော့ တိုက်ပွဲအပြင်းအထန် ဖြစ်နေပါတယ်။ ဒေသခံတွေကတော့ အကုန်ရှောင်သွားပါပြီ” လို့ ပြောပါတယ်။
လက်ရှိ တိုက်ပွဲတွေကြောင့် ကလေးမြို့ကနေ ခါမ်းပါတ်မြို့ကိုသွားတဲ့ ကားလမ်းကို ဇွန် ၈ ရက်မှာ တော်လှန်ရေးတပ်တွေဘက်က အသွားအလာ ပြန်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ရေးတင်းမာနေတဲ့အတွက် ကားလမ်းကို ယာယီပြန်ပိတ်ထားတာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ဖို့ရှိတယ်လို့ တမူးတော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။
ဇွန် ၈ ရက် မနက်ပိုင်းမှာ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး တမူးမြို့နဲ့ ၁၀ မိုင်ကျော်အကွာက နန်းမွန်းတားရွာကို စစ်တပ်က ပြန်ထိန်းချုပ်ထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မနေ့က ခါမ်းပါတ်ကားလမ်းဘေး ဒေသခံတွေက ကလေးမြို့ကို စစ်ရှောင်လာကြတယ်။ တမူးကနေ ခါမ်းပါတ်ကိုသွားတဲ့ လမ်းကိုလည်း ပိတ်လိုက်ပြီ။ အခြေအနေကတော့ ဘာဆက်ဖြစ်မလဲ မသိသေးဘူး။”
ပြီးခဲ့တဲ့ မေ ၃၁ ရက်က စစ်အာဏာရှင်သမ္မတရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ပေးဖို့ နယ်မြေရှင်းလင်းရေးတွေ ပိုလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပြီး ရက်တပတ်ကျော် အကြာမှာပဲ စစ်တပ်ဟာ အိန္ဒိယ-မြန်မာနယ်စပ်က ကလေး-ခါမ်းပါတ်-တမူး လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားလာနေတာ ဖြစ်ပါတယ်။
မောရစ်











