
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တောင်ပိုင်းမှာ အိန္ဒိယရူပီးငွေ ၂ ဒသမ ၁ ကုဋေ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့ပြီး ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံကနေတဆင့် သယ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သံသယရှိတဲ့အကြောင်း The Statesman သတင်းစာမှာ ဖော်ပြပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ပတ်သက်ပြီး လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး အာဏာပိုင်တွေက ချင်းပြည်နယ်ကနေ မီဇိုရမ်ပြည်နယ်ကိုဖြတ်ပြီး သယ်ဆောင်လာတဲ့ လမ်းကြောင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
အာသံရိုင်ဖယ်နဲ့ အာသံရဲတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း ကာချာခရိုင်၊ ဆေးလ်ချာမြို့နယ်၊ မယ်ဟာပူဒေသမှာ သတင်းအချက်အလက်တွေအရ မော်တော်ယာဉ်တစီးကို တားဆီးစစ်ဆေးခဲ့ချိန်မှာ မူးယစ်ဆေးတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေကို ကားကို ချဉ်းကပ်တဲ့အခါ သံသယရှိသူတွေက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ခဏအကြာ လိုက်လံဖမ်းဆီးပြီးနောက်မှာတော့ သူတို့ရဲ့ကားကို တားဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မဟင်ဒရာရာဝပ်က ပြောပါတယ်။
ကားကို စစ်ဆေးရာမှာတော့ ဆပ်ပြာခွက် ၃၀ ထဲမှာ ဝှက်ပြီးထည့်ထားတဲ့ ဘိန်းဖြူတွေကို တွေ့ရှိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ စုစုပေါင်း အလေးချိန် ၃၄၉ ဂရမ်လောက်ရှိပြီး ဈေးကွက်တန်ဖိုး ရူပီး ၂ ဒသမ ၁ ကုဋေရှိမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
ဖမ်းဆီးရမိသူတွေကတော့ ထရီပူရာပြည်နယ်ရဲ့ ခရိုင်အသီးသီးမှာ နေထိုင်ကြတဲ့ အာပူးဆာဟာ၊ ပါရီမယ်ဒက်စ်နဲ့ မန်ဂျူး ရာနီ ဘစ်ဝပ်စ်ဒတ်တာတို့ ဖြစ်တယ်ပါတယ်။
သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၉၈၅ အရ အမှုဖွင့်ထားပြီး သူတို့ရဲ့ကွန်ရက်နဲ့ နယ်စပ်ဖြတ်ကျော်မှောင်ခိုကူးမှုတွေနဲ့ ဆက်စပ်မှုကို ဆက်လက်စစ်ဆေးနေပါတယ်။
အာသံရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီဘိန်းဖြူတွေဟာ မြန်မာနိုင်ငံကနေ ခိုးသွင်းလာတာလို့ သံသယရှိနေပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ မူးယစ်ဆေးဝါးတွေဟာ မီဇိုရမ်ပြည်နယ်ကို ဖြတ်ပြီး အာသံပြည်နယ်တောင်ပိုင်းကို ရောက်မလာခင် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ကနေ စတင်သယ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။
မြန်မာနိုင်ငံကဝင်လာတဲ့ မူးယစ်ဆေးဝါး၊ လက်နက်၊ ရှားပါးတောရိုင်းတိရစ္ဆာန်နဲ့ နိုင်ငံခြားဖြစ် စီးကရက်တွေလို တရားမဝင်ကုန်စည်တွေကို မီဇိုရမ်ပြည်နယ်ကနေတဆင့် အိန္ဒိယအရှေ့မြောက်ပိုင်းက တခြားပြည်နယ်တွေဆီကို ဖြန့်ဖြူးလေ့ရှိတယ်လို့ သိရပါတယ်။
Source: The Statesman











