
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ဟာ ပြုံယမ်းမြို့မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟွီနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အားကောင်းလာစေဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ နိုင်ငံပိုင်ရုပ်သံ KRT က မေ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဘာလာခရစ်ရှ်နန်နဲ့ ချွဲဆွန်းဟွီ တို့ဟာ မေ ၂၆ ရက်က ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေ အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ KRT က ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်တွေ ကို ထပ်မံဖော်ပြခြင်းမရှိပါဘူး။
ဘာလာခရစ်ရှ်နန်ဟာ မြောက်ကိုရီးယားခရီးစဉ်အပြီးမှာ တောင်ကိုရီးယားနိုင်ငံကို ဆက်လက် သွားရောက်ဖို့ ရှိနေပြီး ဒါဟာ စင်ကာပူသံတမန်တယောက်အနေနဲ့ ကိုရီးယားနှစ်နိုင်ငံစလုံးကို သွားရောက်တဲ့ ရှားရှားပါးပါး ခရီးစဉ်တခု ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ မြောက်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင်တွေကြား ပထမဆုံး အကြိမ် ထိပ်သီးအစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ချိန်က ဘာလာခရစ်ရှ်နန်ဟာ စင်ကာပူအစိုးရအဖွဲ့ရဲ့ ဝန်ကြီးအဖွဲ့ဝင်တယောက် ဖြစ်ခဲ့ပါတယ်။
Source:Reuters











