DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ်ကို အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့် 
DVB
·
November 14, 2019
ရိုဟင်ဂျာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ်ကို အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့် 
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဦးထင်ကျော်တို့ကို ယူကေအခြေစိုက် ရိုဟင်ဂျာအသင်းက အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်လိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာအဖွဲ့နဲ့ လက်တင် အမေရိကန် လူ့အခွင့်အရေးအဖွဲ့တွေက အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အရ  နိုဝင်ဘာ ၁၃ ရက်နေ့မှာ တိုင်ကြားအမှုဖွင့်လိုက်တာပါ။

ကမ္ဘာ့နိုင်ငံတနိုင်ငံမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် အလွန်ဆိုးဝါးတဲ့လုပ်ရပ်တွေအတွက်  အာဂျင်တီနားနိုင်ငံရဲ့ စီရင်ပိုင်ခွင့် ဥပဒေအရ တရားစွဲတာ ဖြစ်ပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဒေါ်ဆောင်ဆန်းစုကြည်ကို ဦးတည် ပစ်မှတ်ထားပြီး နိုင်ငံတကာမှာ တရားစီရင်ရေးလမ်းကြောင်းကနေ အရေးယူနိုင်ဖို့ ပထမဆုံးအကြိမ် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

ဒီအမှုကို တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့  ရှေ့နေ သောမတ်စ်အိုဟေးက င်တားနားက “ဒီတိုင်ကြားမှုဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်သူတွေ၊ ပူးပေါင်း ကူညီလုပ်ဆောင်ခဲ့သူတွေနဲ့ ဖုံးကွယ်ထားသူတွေကို ရာဇဝတ်မှုနဲ့ ဒဏ်ခတ်အရေးယူဖို့ ကြိုးပမ်းတာဖြစ်တယ်။ ဒီလိုရာဇဝတ်ကြောင်းအရ တိုင်ကြားမှုတွေကို တခြား ဘယ်နေရာမှာမှ လုပ်ဖို့ မဖြစ်နိုင်လို့ အာဂျင်တီးနားနိုင်ငံမှာလုပ်ဆောင်တာ ဖြစ်တယ်” လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

လူ့အခွင့်အရေးရှေ့နေ ကင်တားနားဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ  အထူးအစီရင်ခံစာ တင်သွင်းသူအဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ခံစားခဲ့ရတာတွေကို ကိုယ်တိုင်သိမြင်ခဲ့သူဖြစ်ပြီး ခုအချိန်ဟာ တရားမျှတမှုရဖို့အချိန်ဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ BROUK  ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ ဆယ်စုနှစ်တွေအတွင်းမှာ မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေကို နေရာတခုမှာ ကန့်သတ်ပိတ်လှောင်ထားပြီး မိခင်နိုင်ငံကနေ အတင်းအကျပ် ထွက်ခွာအောင်လုပ်ခဲ့သလို သတ်ဖြတ် သုတ်သင်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။

ခုလိုတရားစွဲဆိုမှုကို အာဂျင်တီးနားလူ့အခွင့်အရေးအဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ Grandmothers of the Plaza de Mayo အဖွဲ့နဲ့   Foundation for Peace and Justice အဖွဲ့တို့ကလည်း ထောက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၁ ရက်ကလည်း မြန်မာနိုင်ငံကို  အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နို်ငငံတကာ သဘောတူညီချက်ကို ဖောက်ဖျက်မှုနဲ့   အိုအိုင်စီအဖွဲ့ကိုယ်စားတရားစွဲထားပါတယ်။

ဒီတရားစွဲဆိုမှုဟာ ခိုင်လုံမှုမရှိတဲ့အကြောင်းအရာတွေပေါ်မှာ မူတည်ပြီး တရားစွဲဆိုတာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကထွက်သွားတဲ့ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် လက်ခံအသိအမှတ်ပြုဖို့ တွန်းအားပေးနေတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဒီဗွီဘီကို ပြောပါတယ်။

ဒီလိုတရားစွဲဆိုခံရတာဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်အတွက် လူ့အရိုင်းအစိုင်းလို ပုံဖော်ခံနေရတာကိုတော့ သတိပြုမိရမှာဖြစ်ပြီး နိုင်ငံပုံရိပ် ပြန်တက်လာဖို့ စနစ်တကျ ဆောင်ရွက်ပြီး အကောင်းဆုံးဖြေရှင်းဖို့ပဲ တိုက်တွန်းချင်တယ်လို့  ၈၈မျိုးဆက် ဦးမြအေးက ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုဟာ မြန်မာနိုင်ငံကို တပ်မတော်ရဲ့အခန်းကဏ္ဍကို လျှော့ချချင်တဲ့ ရည်ရွယ်ချက် အဖြစ်မြင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လုံးဝလက်ခံခြင်းမရှိသလို လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကိုလည်း အစဉ်တစိုက်ပယ်ချထားပါတယ်။ ခုလိုတရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကရော တပ်မတော်ကပါ  တရားဝင် ပြန်လည် တုံ့ပြန်တာမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013