ဦးဝှေ့တင်းအား ဖမ်းဆီးထားမှု ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အန်အယ်လ်ဒီ ထုတ်ပြန်
DVB
·
November 9, 2019
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားတာဟာ တရားမမျှတတာကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အန်အယ်လ်ဒီပါတီက ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၁ ရက်က ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်ကို မော်တော်ဘုတ်နဲ့ လာနေတုန်း အေအေအဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။
သူနဲ့အတူ အိန္ဒိယနိုင်ငံသား ၅ ယောက်နဲ့ မြန်မာ ၄ ယောက်တို့ ဖမ်းခံခဲ့ရပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ဦးဝှေ့တင်းက လွဲလို့ ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲက အိန္ဒိယနိုင်ငံသားတယောက်ကတော့ ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ လက်ရှိမှာတော့ တခြားအရပ်သားတွေကို ဖမ်းဆီးထားတာ မရှိတော့ဘဲ ဦးဝှေ့တင်းတယောက်ပဲ ကျန်တော့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
အေအေအဖွဲ့ကတော့ အခုလို ဖမ်းဆီးရတာဟာ ဦးဝှေ့တင်းဟာ တပ်မတော်နဲ့ပူးပေါင်းပြီး အေအေကို နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်းစေအောင် လုပ်ဆောင်တာတွေ၊ ခမီးလူငယ်တွေကို စုစည်းပြီး ခမီးနဲ့ ရခိုင်လူမျိုးကြား လူမျိုးရေးပြဿနာတွေ ဖြစ်စေရန် ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးတာလို့ ထုတ်ပြန်ထားပြီး စစ်ဆေးမှုတွေ ပြီးဆုံးမှသာ ပြန်လွှတ်ပေးမယ်လို့ ပြောဆိုထားပါတယ်။
အန်အယ်လ်ဒီရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ခုလို ဖမ်းတာဟာ ငြိမ်းချမ်းရေး ကြိုးပမ်းနေတာကို အနှောင့်အယှက်ပေးတဲ့ အဖြစ်အပျက်တခုလို့ ဆိုပါတယ်။
ဒီလုပ်ရပ်ကြောင့် ဒေသခံပြည်သူတွေနဲ့ ဦးဝှေ့တင်း မိသားစုတွေရဲ့ စိုးရိမ်ပူပန်တာကို ထောက်ထားပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဖမ်းဆီးထားသူတွေကို တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဘယ်အဖွဲ့က ဖမ်းဆီးထားပြီး ဘယ်သူ့ကို တိုက်တွန်းနေတယ် ဆိုတာကိုတော့ အန်အယ်လ်ဒီက ဖော်ပြထားတာ မရှိပါဘူး။
ရခိုင်နဲ့ ချင်းပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားနဲ့ အစိုးရဝန်ထမ်းတွေကို အေအေအဖွဲ့က ခေါ်ယူစစ်ဆေးနေတာတွေ ရှိပြီး လွှတ်တော်အမတ်ကို ဖမ်းဆီးခေါ်ဆောင်တာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။