DVB Logo
Home
မြန်မာသတင်း
e-Commerce  လမ်းညွှန် စစ်ကောင်စီထုတ်ပြန်
DVB
·
September 10, 2023
e-Commerce  လမ်းညွှန် စစ်ကောင်စီထုတ်ပြန်
Donate to DVB

ဥပဒေပေါင်း ၃၀ လောက်နဲ့ ဆက်စပ်ရေးဆွဲထားတဲ့ အီလက်ထရောနစ်နည်းလမ်းနဲ့ ကူးသန်းရောင်းဝယ်ခြင်း လမ်းညွှန် (e-Commerce Guidelines) ကို စစ်ကောင်စီဩဇာခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်က အွန်လိုင်းကနေ ကုန်ပစ္စည်းရောင်းချ၊ ဝန်ဆောင်မှု ပေးသူတွေ မှတ်ပုံတင်ရမယ်ဆိုတဲ့ အမိန့်တခုထုတ်ပြီးနောက်မှာ အခုလို လမ်းညွှန်ချက်ကို ထုတ်ပြန်လာတာပါ။

မြန်မာနိုင်ငံအတွင်း e-Commerce လုပ်ငန်းလုပ်ကိုင်မယ့်သူ အားလုံးဟာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ သတ်မှတ်ထားတဲ့ မှတ်ပုံတင်စနစ်မှာ မှတ်ပုံတင်ရမှာဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာရမယ်လို့ ဆိုပါတယ်။

တကယ်တော့ အွန်လိုင်းကနေ ကုန်ပစ္စည်းတွေရောင်းတာ၊ ဝန်ဆောင်မှုပေးတာတွေကို မှတ်ပုံတင်ခိုင်းဖို့အတွက် အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ဆွေးနွေးစီစဉ်ခဲ့တာဖြစ်ပြီး e-Commerce လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လည်း လမ်းညွှန်ချက်တွေ ထုတ်ဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။

အခုလမ်းညွှန်ချက်မှာတော့ e-Commerce လုပ်ကိုင်သူတွေဟာ သူတို့ ရောင်းချနေတဲ့၊ အသုံးပြုနေတဲ့ ဝက်ဘ်ဆိုဒ် ဒါမှမဟုတ် လူမှုကွန်ရက်မှာ မှတ်ပုံတင်ထားတဲ့ အချက်အလက်တွေ၊ လိပ်စာ၊ ဖုန်းနံပါတ် စတာတွေနဲ့ အငြင်းပွားတာတွေ ဖြစ်လာရင် ဖြေရှင်းနိုင်မဲ့ နည်းလမ်းနဲ့အချက်အလက်တွေ ဖော်ပြရမယ်လို့ ဆိုပါတယ်။

ဝက်ဘ်ဆိုဒ်ကနေ ရောင်းချသူတွေအနေနဲ့ ဝယ်ယူစားသုံးသူနဲ့ ပဋိညာဉ် သဘောတူညီချက်လုပ်နိုင်မယ့် နည်းလမ်းကို ထည့်သွင်းထားရမှာဖြစ်သလို လူမှုကွန်ရက်ကနေ ရောင်းချသူတွေကလည်း တနည်းနည်းနဲ့ ပဋိညာဉ် လုပ်ရမယ်လို့ ဆိုပါတယ်။

ဒီလမ်းညွှန်ထဲမှာ စားသုံးသူကာကွယ်ရေးဆိုတာကို အခန်းတခုအနေနဲ့ ထည့်သွင်းထားပြီး ရောင်းချသူတွေအနေနဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့၊ ဈေးနှုန်းနဲ့အခွန်အခတွေအကြောင်း‌ ဖော်ပြဖို့၊ ပို့ဆောင်တာ၊ ငွေပြန်အမ်းတာတို့နဲ့ ပတ်သက်တာတွေကိုလည်း ဖော်ပြဖို့ သတ်မှတ်ထားပါတယ်။

ပြီးတော့ ကုန်ပစ္စည်းကို ပို့ပေးမယ်လို့ သဘောတူထားတဲ့ရက်ထက် ၁၅ ရက်နဲ့အထက် ကျော်လွန်သွားရင် ဝယ်ယူသူအနေနဲ့ အရောင်းအဝယ်ကို ရပ်ပစ်နိုင်ပြီး သဘောတူညီချက်နဲ့အညီ ဒါမှမဟုတ် ပေးထားတဲ့ငွေကို အပြည့်ပြန်အမ်းရမယ်လို့ ဆိုပါတယ်။

ဒီနေရာမှာတော့ ကြားခံပို့ဆောင်ပေးသူနဲ့ပတ်သက်ပြီးတော့လည်း ထည့်သွင်း ဖော်ပြထားပြီး ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲနဲ့တော့ ဝယ်သူအနေနဲ့ ပစ္စည်းကို လဲလှယ်တာ၊ ငွေပြန်တောင်းတာလုပ်လို့မရဘူးလို့ ဆိုပါတယ်။

ပြီးတော့ အခမဲ့စမ်းသပ်အသုံးပြုခွင့်ပေးတဲ့ ကိစ္စတွေမှာ သတ်မှတ်ကာလပြီးသွားရင် အခကြေးငွေကောက်ခံဖို့၊ ဝန်ဆောင်မှုကို မပယ်ဖျက်ရင် အခကြေးငွေကောက်ခံဖို့ကို ကြိုတင်အသိပေးရမယ်လို့ ဆိုပါတယ်။

ဒါကတော့ လက်ရှိအများရင်ဆိုင်နေရတဲ့ ဖုန်းအော်ပရေတာတွေရဲ့ အစီအစဉ်တွေကို မက်ဆေ့ကနေ ပေးပို့ကြော်ငြာနေတာမျိုးတွေ ဖြစ်ပါတယ်။

ထူးခြားတာတခုကတော့ ကုန်ပစ္စည်းကို အမှန်တကယ် မသုံးသူတွေရဲ့ ထောက်ခံချက်ကို မသုံးဖို့ကို တားမြစ်ထားပြီး အခန်းတခုအနေနဲ့လည်း ထည့်သွင်းထားပါတယ်။

e-Commerce လုပ်ကိုင်သူတွေအနေနဲ့ ငွေပေးချေမှုဆိုင်ရာမှတ်တမ်းတွေကို အနည်းဆုံး ၃ နှစ် ထိန်းသိမ်းထားရမှာဖြစ်ပြီး အသုံးပြုသူတွေက တောင်းခံလာရင် အခမဲ့ပေးရမယ်လို့ ဆိုပါတယ်။

ပြီးတော့ ကုန်စည်၊ ဝန်ဆောင်မှုရဲ့ အရောင်းအဝယ်ဆိုင်ရာ အချက်အလက်တွေကိုလည်း အနည်းဆုံး ၃ နှစ် ထိန်းသိမ်းထားရမှာဖြစ်ပြီး တရားရုံး ဒါမှမဟုတ် အာဏာပိုင် အဖွဲ့အစည်းတွေက တောင်းခံလာရင် ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013