DVB Logo
Home
မြန်မာသတင်း
၂ဝ၃ဝ မတိုင်မီ အာဆီယံကျေးရွာအားလုံး ဆင်းရဲမှုမှလွတ်ကင်းရေး ဝိုင်းလုပ်ကြရန် ဒုသမ္မတ တိုက်တွန်း
DVB
·
November 9, 2019
Donate to DVB

၂ဝ၃ဝ မတိုင်မီ အာဆီယံကျေးရွာအားလုံး ဆင်းရဲမှုမှ လွတ်ကင်းဖွံ့ဖြိုးရေး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ အာဆီယံဝန်ကြီးတွေကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက  တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော် Horizon Lake View Resort Hotel မှာ နိုဝင်ဘာ ၈ ရက်က ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးမှာ ဒုတိယသမ္မတက တိုက်တွန်းခဲ့တာပါ။

“အာဆီယံဒေသတွင်းရှိ ကျေးလက်ဒေသများ အမြန်ဖွံ့ဖြိုးလာစေမည့်၊ ဆင်းရဲမှုနှုန်းကို တနှစ်ထက် တနှစ် သိသိသာသာ လျှော့ချ လာနိုင်စေမည့် အကြံဉာဏ်ကောင်းများ၊ မိမိတို့နိုင်ငံများ၏ အောင်မြင်မှု အတွေ့အကြုံများနှင့်အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အားတက်သရော ဆွေးနွေး မျှဝေပေးကြရန်” မေတ္တာရပ်ခံတိုက်တွန်းခဲ့တာပါ။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အခုကျင်းနေတဲ့အစည်းအဝေးတွေကို “စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အောင်မြင်ရေး၊ တုံ့ပြန် စွမ်းအားကောင်းသော ရပ်ရွာများထူထောင်ပေး” ဆောင်ပုဒ်နဲ့ကျင်းပနေတာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးကဏ္ဍ နဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်တွေ ပြည့်မီရန် အာဆီယံရဲ့ အားထုတ်မှုတွေကို အားဖြည့်ပေးဖို့ ရည်ရွယ်တယ်လို့ ဒုသမ္မတက ဆိုပါတယ်။

ဒါ့အပြင် အခုအစည်းအဝေးတွေက ရလာတဲ့ ရလဒ်တွေဟာ လုပ်ငန်းများ အောင်မြင် ထိရောက်ရေးကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်တဲ့အတွက် ၂ဝ၃ဝ ပြည့်နှစ်မတိုင်မီ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရှိ ကျေးရွာများအားလုံး ဆင်းရဲမှုမှ လွတ်ကင်းဖွံ့ဖြိုးလာဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကြိုးစားအားထုတ်ကြဖို့ ဒုသမ္မတ တိုက်တွန်းခဲ့ပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးနယ်ပယ်မှာ ပုဂ္ဂလိကကဏ္ဍပါဝင်လာအောင် ဆွဲဆောင်စည်းရုံးပြီး အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ ပုဂ္ဂလိကနဲ့ ကျေးလက်လူ့အဖွဲ့အစည်းတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို ၂ နှစ် တစ်ကြိမ်၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၁ နှစ် တကြိမ် အဖွဲ့ဝင်နိုင်ငံတွေမှာ အလှည့်ကျကျင်းပနေတာပါ။

အခုကျင်းပနေတဲ့အစည်းအဝေးဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ သူရဦးအောင်ကို၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ဒုတိယ ဝန်ကြီး ဦးလှကျော်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊သံတမန်တွေ၊ အာဆီယံနိုင်ငံ များမှ အဆင့်မြင့်အရာရှိကြီးတွေ၊ အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက ကိုယ်စားလှယ်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013