
အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့် ဂရင်းကတ်လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေကို ရုတ်တရက် ပြောင်းလဲလိုက်တဲ့အတွက် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကြားမှာ စိုးစိမ်စိတ်တွေ ဖြစ်ပေါ်နေပါတယ်။
ဒီမူဝါဒအသစ်အရ ဂရင်းကတ် လျှောက်ထားမဲ့သူ အများစုဟာ အမေရိကန်နိုင်ငံထဲကနေ လျှောက်ခွင့်မရှိတော့ဘဲ မိမိတို့ရဲ့ မိခင်နိုင်ငံကို ပြန်ပြီးမှ လျှောက်ထားရမှာ ဖြစ်ပါတယ်။
အထူးကင်းလွတ်ခွင့်ရတဲ့ အခြေအနေမျိုးကလွဲလို့ မိခင်နိုင်ငံက အမေရိကန်သံရုံးတွေမှာသာ လျှောက်ထားရတော့မယ်လို့ အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီ (USCIS) က ပြီးခဲ့တဲ့ သောကြာနေ့မှာ ကြေညာပါတယ်။
အရင်ကဆိုရင် လျှောက်ထားသူတွေဟာ လုပ်ငန်းစဉ် ကြန့်ကြာနေချိန်မှာ အမေရိကန်မှာရှိတဲ့ မိသားစုဝင်တွေနဲ့အတူ နိုင်ငံတွင်းမှာ ဆက်လက်နေထိုင်ခွင့် ရခဲ့ကြတာပါ။
ဒါပေမဲ့ လျှောက်ထားဆဲကာလမှာ နိုင်ငံတွင်း ဆက်နေခွင့်ပြုတာဟာ “သဘောထားကြီးမှုနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ညှာတာခွင့်ပြုမှုတခုသာ” ဖြစ်တယ်လို့ USCIS ရဲ့ မှတ်တမ်းလွှာမှာ ဖော်ပြထားပါတယ်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရှေ့နေများအသင်း ဥက္ကဋ္ဌဟောင်း ရှေ့နေ ချားလ်စ် ကတ်ခ် ကတော့ “ဒါဟာ လူဝင်မှုကြီးကြပ်ရေးကို နှေးကွေးသွားအောင် သက်သက်လုပ်တာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်ရတာကို စိတ်ပျက်စရာဖြစ်အောင်လုပ်ကာ ကိုယ့်အိမ်ကိုယ် ပြန်ချင်သွားအောင် လုပ်လိုက်တာပါ” လို့ ဝေဖန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဂရင်းကတ်ချပေးခဲ့တဲ့ ၁ ဒသမ ၄ သန်းအနက် ၈ သိန်းကျော်ဟာ အမေရိကန်နိုင်ငံထဲမှာ ရှိနေပြီးသားသူတွေဖြစ်လို့ ဒီအပြောင်းအလဲက အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။
Bronx Defenders အဖွဲ့က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ ကာလာ အော့စတိုလာဇာ ကလည်း ဒီမူဝါဒကြောင့် လူတွေဟာ ပုန်းအောင်းနေထိုင်လာကြလိမ့်မယ်လို့ သတိပေးပါတယ်။
“သူတို့တွေဟာ တရားဝင်အဆင့်အတန်းမရှိဘဲ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရနိုင်ခြေ ရှိသလို နေထိုင်ခွင့်ရဖို့ အပြည့်အဝ အရည်အချင်းပြည့်မီနေရင်တောင် ပိုကောင်းတဲ့ အခွင့်အလမ်းတွေကနေ ဖယ်ကြဉ်ခံရပါလိမ့်မယ်” လို့ အော့စတိုလာဇာက မှတ်ချက်ပေးထားပါတယ်။










