
မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ဝန်းကျင်ဟာ အကျဉ်းထောင်ကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာ၊ ပြင်ပ ဆေးဝါးတွေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ပြတ်လပ်တာ၊ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ အကူအညီ ကင်းမဲ့တာအပြင် နှိပ်စက်ညှဉ်းပန်းမှုတွေကို ပြင်းထန်စွာ ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ က စက်တင်ဘာလ ၂၅ ရက်က ထုတ်ပြန်ပါတယ်။
WOPP အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အကျဉ်းထောင် ၁၂ ထောင်ရှိ နိုင်ငံရေးအကျဉ်းသူ ၇၀ ကို စျေးဘား ပို့ဆောင်ဖို့ တယောက်ကို ၉၇,၄၀၂ ကျပ်နှုန်းနဲ့ ပါဆယ်ပေးပို့ဖို့ အခက်အခဲရှိတဲ့ ၂၂ ယောက်အတွက် တယောက်ကို ငွေကျပ် ၁ သိန်းနှုန်း ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း ၄ ယောက်ကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကျပ် ၂ သိန်းစီနဲ့ အကျဉ်းထောင်အတွင်း အစာအိမ်ကင်ဆာနဲ့ ကျဆုံးခဲ့သူ တယောက်ရဲ့ မိသားစုကို ငွေကျပ် ၂ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသူတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရတာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကလည်း စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ထဲမှာ အမျိုးသမီး ၆,၆၀၀ လောက်နဲ့ ကလေးငယ် ၆၄၀ လောက် ပါဝင်တာ ဖြစ်ပါတယ်။
အဆိုပါ နိုင်ငံရေးအကျဉ်းသူတွေဟာ ရိုက်နှက်ခံရ၊ မုဒိမ်းကျင့်ခံရ၊ ညစ်ပတ်စက်ဆုပ်ဖွယ် အခြေအနေတွေမှာ ထားရှိခံရတာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို မီးဖွားစဉ် ဒါမှမဟုတ် မီးမဖွားမီ လိုအပ်တဲ့ ဆေးဝါးကုသခွင့်တွေကို စိုးရိမ်ဖွယ်ရာနဲ့ အသက်အန္တရာယ်ရှိတဲ့အထိ ငြင်းပယ်ခံနေရတယ်လို့ အကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်အာဏာရှင်အနေနဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသူအားလုံးနဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ ထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့သူ အမျိုးသားနဲ့ အမျိုးသမီး ၂,၃၀၀ ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံ ထောင်တွင်းအခြေအနေ စောင့်ကြည့်ရေးအဖွဲ့ (Myanmar Prison Witness) ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်အထိ နိုင်ငံရေးအကျဉ်းသား အယောက် ၂၉၀ သေဆုံးခဲ့ပြီး ဒီအထဲက နိုင်ငံရေးအကျဉ်းသူနဲ့ သူတို့ရဲ့ ကလေးငယ် ၄၃ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။










