
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်က တိုက်ခန်းတခုမှာ နေထိုင်တဲ့ အသက် ၈ နှစ်အရွယ် ကျောင်းသားတယောက်ဟာ ဩဂုတ် ၁၈ ရက် ဒီမနက် ၈ နာရီခွဲဝန်းကျင်မှာ တတိုက်တည်းနေ စိတ်ဝေတနာရှင်က ဓားနဲ့ထိုးခဲ့တာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဗိုလ်ထွန်းဇံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတယောက်က “မနက်က ဖြစ်ဖြစ်ချင်းကြားတော့ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ ကလေးက ကျောင်းသွားဖို့ ပြင်နေတုန်းမှာ ဖြစ်သွားတာ။ အဘွားလုပ်သူလည်း ထိသွားတယ်” လို့ ပြောပါတယ်။
အသက်ဆုံးရှုံးခဲ့တဲ့ ကလေးငယ်ဟာ ကျောင်းသွားဖို့အတွက် လွယ်အိတ်အတွင်း စာအုပ်တွေ ထည့်နေစဉ် အခုလို ကြုံတွေ့ရတာဖြစ်ပြီး အဘွားဖြစ်သူက ဝင်ဆွဲရာမှာ ဓားနဲ့ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ထားရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့လည်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။











