DVB Logo
Home
မြန်မာသတင်း
စိတ်ကျန်းမာရေးမူဝါဒသစ် အစိုးရအဖွဲ့ အတည်ပြုချက်ယူရန်သာ လိုတော့ဟုဆို
DVB
·
October 27, 2019
စိတ်ကျန်းမာရေးမူဝါဒသစ် အစိုးရအဖွဲ့ အတည်ပြုချက်ယူရန်သာ လိုတော့ဟုဆို
Donate to DVB

စိတ်ကျန်းမာရေးမူဝါဒသစ်ကို အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ယူဖို့ပဲ လိုတော့တယ်လို့ ရန်ကုန်ဆေးတက္ကသိုလ် စိတ်ကျန်းမာရေးဌာနက ကထိကဆရာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ ၁၉၁၂ ခုနှစ်က ရေးဆွဲထားတဲ့ သူရူးဥပဒေသာ ရှိသေးပြီး ဥပဒေအသစ်ရေးဆွဲဖို့ လွန်ခဲ့တဲ့ ၆ နှစ်လောက်က စတင်လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးဘဲ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကိုသာ တင်ပြထားဆဲလို့ ဆိုပါတယ်။ 

စိတ်ကျန်းမာရေးပညာရှင်တွေ၊ စိတ်ကျန်းမာရေး ဆရာဝန်တွေ အားလုံးပါဝင်နိုင်မယ့် ၂၀၂၀-၂၀၃၀ အတွက် စိတ်ကျန်းမာရေးမူဝါဒသစ်ကို ဝန်ကြီးဌာနကိုတင်ပြထားပြီး အစိုးရကို တင်ပြဖို့ပဲ ကျန်တော့တယ်လို့ ရန်ကုန်ဆေးတက္ကသိုလ် စိတ်ကျန်းမာရေးဌာနက ကထိကဆရာ ဒေါက်တာသက်ဇော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) အနေနဲ့ စိတ်ကျန်းမာရေး မူဝါဒပေါ်ထွက်လာဖို့ ဌာနဆိုင်ရာတွေနဲ့ လက်ရှိမှာ ဆောင်ရွက်နေတာပါ။ 

စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိအောင် ပညာပေးဖို့ လိုသလို၊ လူငယ်တွေကြားမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ များစွာကြုံတွေ့နေရတယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့က Rose Garden ဟိုတယ်မှာ ကျင်းပတဲ့ World Mental Health Day 2019 မှာ UNFPA အဖွဲ့က Mental Health Specialist Mr.Adib Asrori က ပြောပါတယ်။

“တကမ္ဘာလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီလိုပြဿနာမျိုး ပိုပြီးအဖြစ်များတယ်။ Mental Health နဲ့ပတ်သက်ပြီး အဖြစ်များဆုံး အခြေအနေမျိုးတွေ ကြုံတွေ့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကြုံရတဲ့ ပြဿနာမျိုးပေါ့။ အဓိက အရေးကြီးဆုံးက Mental Health နဲ့ပတ်သက်တဲ့ awareness လုပ်ဖို့ လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုပြီးသိရှိလာမှ လူတွေက ဖြစ်တဲ့အခြေအနေတွေကို ပိုပြီးနားလည်လာမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို ဆေးဝါးနဲ့သာ ကုသနဆဲဖြစ်ပြီး  ခေတ်နဲ့လျော်ညီတဲ့ ကုထုံးတွေ အစားထိုးကုသဖို့ လိုတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန် စိတ်ကျန်းမာရေးအထူးကုဆရာဝန် ခင်ရတနာစိုးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးကုထုံးတွေဟာ  နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နည်းစနစ်ထက် များစွာနိမ့်ကျနေသလို ပညာရှင်တွေအားလုံး ပါဝင်ခွင့်ရမယ့် စိတ်ကျန်းမာရေး မူဝါဒတခု အမြန်ဆုံးထွက်ဖို့ လိုအပ်တယ်လို့ Counselling Corner တည်ထောင်သူ စိတ်ပညာရှင် ဦးအောင်မင်းသိန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စိတ်ရောဂါအထူးပြုကုသပေးနေတဲ့ အစိုးရဆရာဝန် အယောက် ၁၃၀ လောက်ပဲရှိပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စိတ်ရောဂါကုဆရာဝန် ၂၅၀ ၀န်းကျင်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013