
ရခိုင်ပြည်နယ်မှာ စစ်ရှောင်တွေကို ကူညီထောက်ပံ့မှုတွေ လုပ်နေတဲ့ စာရေးဆရာ ဝေဟင်အောင်ရဲ့ စစ်တွေမြို့ပေါ်က နေအိမ်ကို မနေ့ ဇွန် ၈ ရက် ညနေပိုင်းမှာ စစ်အာဏာရှင် လက်အောက်ခံ ရဲတွေက လာရောက် ချိပ်ပိတ်သွားတယ်လို့ စာရေးဆရာ ဝေဟင်အောင်က DVB ကို ပြောပါတယ်။
“မနေ့ညနေ ၆ နာရီလောက်က ရဲတွေလာပြီးတော့ အိမ်ကို ချိပ်ပိတ်သွားတယ်။ အဲဒီလောက်ပဲ ကျနော် သိသေးတယ်ဗျ။ အဲဒီမှာ ဖုန်းလိုင်းတွေလည်း မရဘူးဆိုတော့ ကျနော် မြို့ထဲနဲ့လည်း အဆက်အသွယ်လုပ်ရတာ အဆင်မပြေဘူး။ ပြီးတော့ မြို့ထဲမှာလည်း အင်တာနက် မရဘူးဆိုတော့ အဲဒီဘက်မှာ အဆက်အသွယ်လုပ်ရတာ ခက်တော့ ကျနော့်မိတ်ဆွေတွေကတဆင့် သိရတာက ကျနော့်အိမ်ကို မနေ့ညနေက ချိပ်ပိတ်သွားတယ်၊ အဲဒီလောက်ပဲ သိရတယ်။ ကျန်တဲ့ အခင်းအကျင်းတွေတော့ မသိသေးဘူးဗျ။”
ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် နေအိမ်ချိပ်ပိတ်ခံရစဉ် ပစ္စည်းတွေပါ သိမ်းသွားသလား၊ ဘာကြောင့် ချိပ်ပိတ်ခံရတယ် ဆိုတာကို မသိရသေးကြောင်း သူက ပြောပါတယ်။
စာရေးဆရာ ဝေဟင်အောင်ဟာ ရခိုင်ပြည်နယ်တွင်းမှာ ထင်ရှားတဲ့ စာရေးဆရာ၊ ပရဟိတသမားတယောက်ဖြစ်ပြီး အာရက္ခ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတယောက် ဖြစ်ပါတယ်။
စာရေးဆရာ ဝေဟင်အောင်ဟာ ၂၀၁၈ ခုနစ်က ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နဲ့အတူ ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ပြောခဲ့တဲ့ ဟောပြောချက်တွေက ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ-၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ) တို့နဲ့ တရားစွဲခံရပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။
ပြန်လွတ်လာပြီးနောက် ၂၀၂၃ ခုနှစ် မေလမှာ ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်စဉ်က မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စာရေးဆရာ ဝေဟင်အောင် လုပ်ဆောင်နေချိန်မှာလည်း စစ်အာဏာရှင်တပ်ရဲ့ ဖမ်းဆီးမှု ခံခဲ့ရပါသေးတယ်။











