DVB Logo
Home
မြန်မာသတင်း
အဝေးသင်ပညာရေးစနစ်သစ်ကို မုံရွာ အ‌‌ဝေးသင်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
DVB
·
October 27, 2019
အဝေးသင်ပညာရေးစနစ်သစ်ကို မုံရွာ အ‌‌ဝေးသင်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
1 / 3
Donate to DVB

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အဝေးသင်ပညာသင်ကြားရေးစနစ်ကို ကျေနပ်မှု မရှိတာကြောင့်  မုံရွာ အဝေးသင်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ အောက်တိုဘာ ၂၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အဝေးသင်တက္ကသိုလ် ပညာ‌သင်ကြားရေးစနစ်သစ်မှာ ၅ ရက် ၂ ကြိမ်ခွဲ တက်ရောက်ရမှာ ဖြစ်တာကြောင့် ရပ်ဝေးကနေ လာရောက်ပညာသင်ကြားတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် အခက်ခဲများစွာ ဖြစ်ပေါ်စေတယ်လို့ မုံရွာအဝေးသင်တက္ကသိုလ်ကျောင်းသား ကိုအောင်ခင်စိန်က ပြောပါတယ်။

“၅ ရက် ၂ ခါ ခွဲတက်ရမယ်ဆိုတော့ ကျနော်တို့က ပထမတုန်းက ကန့်ကွက်တာ လုပ်ခဲ့ပြီးသား။ ကျောင်းသားဦးရေ ၆၀၀ ကျော်ရဲ့ ကန့်ကွက်လက်မှတ်ကောက်ပြီး တင်ထားပြီးသား။ ကန့်ကွက်စာတင်တော့ မလုပ်တော့ပါဘူးဆိုပြီး နားလိုက်တယ်။ အခု ၂၀၂၀ မှာ ဒီပညာရေးစနစ်ကို စပြီးအကောင်ထည်ဖော်မယ်ဆိုတော့ ကျနော်တို့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ အစမ်းသပ်ခံပုံစံမျိုး ဖြစ်နေတာဗျ။ ဒီစနစ်ကို သူတို့အနေနဲ့ လုပ်လိုက်မယ်ဆိုရင် မန္တလေးတို့ ရန်ကုန်တို့ သူတို့အနီးနားကနေ တက်ရတာ အဆင်ပြေတယ်‌ဗျ။ ဟုမ္မလင်းတို့၊ လေရှီး၊ လယ်ဟယ်တို့၊ ပန်ဆောင်တို့က လာတက်ရတော့။ စစ်ကိုင်းတိုင်းမှာ တက္ကသိုလ် ရှိတာဗျာ၊ တခြားကျောင်းတွေကတော့ အဆင်ပြေတာပေါ့၊ ကျနော်တို့အတွက်ကျတော့ အဆင်မပြေဘူး။"

မုံရွာအဝေးသင်တက္ကသိုလ် တက်ရောက်တဲ့ ကျောင်းသား ကျောင်းသူအများစုဟာ မုံရွာမြို့နဲ့ အလှမ်းဝေးကွာတဲ့ မြို့နယ်တွေကဖြစ်ကြပြီး ကချင်ပြည်နယ်နဲ့ နာဂဒေသက တိုင်းရင်းသားတွေလည်း ပါပါတယ်။

အများစုကတော့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေ ပါဝင်သလို ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေလည်း ပါတယ်လို့ မုံရွာအဝေးသင်တက္ကသိုလ်ကျောင်းသူ မစံမီဆွေက ပြောပါတယ်။

“မုံရွာတက္ကသိုလ်ကို တောင်ပေါ်ဒေသကဆို ၃ ညအိပ် ၄ ရက် လာတဲ့သူ ရှိတယ်။ ကျမတို့ဆို ၁ ညအိပ် ၂ ရက် လာရတယ်။ ၅ ရက် ၂ ခါခွဲတက်ရမယ်ဆိုတော့ အစိုးရဝန်ထမ်းတွေအနေနဲ့ ခွင့် ၂ ခါ ယူရမယ်။ အလုပ်လုပ်ပြီး ကျောင်းတက်ကြတဲ့သူတွေ ခွင့်  ၂ ခါ ယူရမယ်။ ကျမတို့ဘက်မှာဆိုရင် အဝေးသင်ကျောင်းသားတွေဆို အလုပ်လာမရှာနဲ့ ဆိုတာတွေ ရှိတယ်။။ ဒါတောင် တနှစ်မှာ တလလောက် ခွင့်ယူရတာတောင်မှ အဝေးသင်ကျောင်းသားဆို အလုပ်မပေးချင်ဘူး။ အခု ၅ ရက် ၂ ခါ ခွင့်ယူရမယ်ဆိုတော့ အဝေးသင်ကျောင်းသား‌တွေကို အလုပ်မထားချင်ဘူးလေ။ ဒါကြောင့် ၅ ရက် ၂ ခါ ခွဲတက်ရမယ့်ဟာကို ပယ်ဖျက်ပြီး လူတိုင်း အကျုံးဝင်မယ့် အဝေးသင်ပညာရေးစနစ်ကို ပြောင်းစေချင်ပါတယ်။”



အခု ထုတ်ပြန်လိုက်တဲ့ အဝေးသင်ပညာရေးစနစ်ကို ရန်ကုန်တက္ကသိုလ်က ကျောင်းသားများသမဂ္ဂနဲ့ ဆရာများ သမဂ္ဂတွေကလည်း ကန့်ကွက်နေကြပါတယ်။

မုံရွာမြို့မှာ အဝေးသင် ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဒါဟာ ပထမဆုံး ဆန္ဒပြတာ ဖြစ်ပြီး အခုလို တောင်းဆိုတာ အကြောင်းမထူးရင် အဆင့်ဆင့် ဆက်လုပ်ဆောင်သွားမယ်လို့ ကျောင်းသူ ကျောင်းသားတွေက ပြောပါတယ်။

ကျောင်းသားထုဆန္ဒမပါသော အဝေးသင်ပညာ‌‌ရေးစနစ် အလိုမရှိ၊ ၅ ရက် ၂ ဖြတ် တက်ရတဲ့ အဝေးသင်ပညာရေးစနစ် အာဏာရှင်ဆန်တဲ့ ပြုပြင်ပြောင်းလဲတဲ့ ပညာရေးစနစ် အလိုမရှိ၊ စမ်းသပ်ခံအဝေးသင် ပညာရေးစနစ် အလိုမရှိ၊ ကျောင်းသူထုရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားပေးရေး ဆိုတဲ့ အချက်‌ ၄ ချက်ကို မုံရွာ အဝေးသင် ကျောင်းသူ ကျောင်းသားတွေက တောင်းဆိုခဲ့ကြပါတယ်။

အခုလို ဆန္ဒပြတာကိုတော့ မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့က စတင်ပြီး ကျောင်းသား အင်အား ၁၀၀ ကျော်ပါဝင်ကာ အဓိပတိလမ်းမတလျှောက်နဲ့ ကျောင်းအတွင်း လမ်းတွေမှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။



ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013