ကိုရီးယား EPS စာမေးပွဲအတွက် လျှောက်လွှာများ မန္တလေးတွင် ရောင်းပေးမည်
DVB
·
October 27, 2019

၂၀၂၀ ကိုရီးယား EPS စာမေးပွဲအတွက် လျှောက်လွှာတွေကို မန္တလေးမှာလည်း ရောင်းချပေးမယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ တာဝန်ရှိသူက ပြောပါတယ်။
ကိုရီးယားနိုင်ငံ EPS စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာတွေကို အရင်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာရှိတဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပင်လုံခန်းမမှာပဲ ရောင်းပေးခဲ့တာပါ။
နယ်ဒေသအစုံက လာတဲ့အလုပ်သမားတွေအတွက် လျှောက်လွှာတိုးပြီး မဝယ်ရအောင် မန္တလေးမှာလည်း ရောင်းပေးမှာလို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
ကိုရီးယားနိုင်ငံဘက်က အလုပ်သမားခေါ်တဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ပြီး လျှောက်လွှာများရင် များသလို ရန်ကုန်နဲ့ မန္တလေးမှာ ခွဲရောင်းမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကနေ အလုပ်သမားတွေကို ပိုခေါ်ပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ်ကိုလည်း ကိုရီးယားနိုင်ငံဘက်က အလေးအနက်ထား စဉ်းစားနေတာကြောင့် လာမယ့်နှစ်မှာ အလုပ်သမား ပိုခေါ်ဖို့ ရှိလာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
အပြင်မှာပဲ ရောင်းမယ်ဆိုရင် တိုးကြိတ်နေတဲ့ ပြဿနာက မဖြေရှင်းနိုင်သေးတာကြောင့် စာမေးပွဲလျှောက်လွှာတွေကိုတော့ အွန်လိုင်းစနစ်နဲ့ လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲလို့ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီ အထွေထွေအတွင်းရေးမှူး ကိုမြတ်သူက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံကို အလုပ်သမားစေလွှတ်မှုဟာ ၂၀၁၂ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး EPS စာမေးပွဲ ဖြေဆိုတာကိုတော့ နှစ်စဉ် လူဦးရေ သောင်းနဲ့ချီပြီး ဝင်ရောက်ဖြေဆိုပါတယ်။ ကိုရီးယားကို အလုပ်သမားစေလွှတ်ထားတဲ့ အရေအတွက်ကလည်း လက်ရှိအချိန်အထိ ၃ သောင်းခွဲကျော် ရှိနေပြီလို့ သိရပါတယ်။
သင်းသင်းဇော်