
စစ်အာဏာရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်သယောင် ဖြစ်သွားစေမဲ့ လုပ်ရပ်မျိုးတွေကို ရှောင်ကြဉ်ပေးဖို့ အာရှလွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာကွန်ရက် (ANFREL) အဖွဲ့က အာဆီယံခေါင်းဆောင်တွေကို မေ ၈ ရက် ဒီကနေ့ ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။
(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ဒီကနေ့ မနက်က စတင်ကျင်းပနေတာမှာ မြန်မာစစ်အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခွင့်မရပေမဲ့ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဗီဒီယိုကွန်ဖရင့်ကတဆင့် တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သတင်းထွက်လာပြီးနောက် ANFREL အဖွဲ့ရဲ့ တိုက်တွန်း သတိပေးချက် ထွက်ပေါ်လာတာပါ။
စီဘူးမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးဟာ မြန်မာနိုင်ငံအတွက်ရော ဒေသတွင်းအတွက်ပါ ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို အလေးအနက် ပြောကြားလိုပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာစစ်အာဏာပိုင်တွေဟာ သူတို့ကိုယ်သူတို့ တရားဝင်မှုရဖို့ ဆက်တိုက်ကြိုးစားနေသလို၊ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီမှာလည်း တရားမဝင်ရွေးကောက်ပွဲတွေကို အတင်းအကျပ် ကျင်းပခဲ့ပါတယ်။ ဒါကြောင့် အာဆီယံရဲ့ ပါဝင်ပတ်သက်မှုနဲ့ တုံ့ပြန်မှုတွေဟာ အခုအချိန်မှာ အလွန်ကို အရေးကြီးနေဆဲ ဖြစ်ပါတယ်လို့ ANFREL အဖွဲ့က ပြောပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အများယုံကြည်စိတ်ချရမှုမရှိတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တခုကို တရားဝင်သယောင် ဖြစ်သွားစေမဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ရှောင်ကြဉ်ပေးဖို့ပဲဖြစ်တယ်လို့ ANFREL အနေနဲ့ အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ ဒီမိုကရေစီဆန္ဒတွေကို ထင်ဟပ်စေမဲ့ အဖြေမျိုးရအောင် ဆက်လက်ကြိုးပမ်းဖို့၊ တရားဝင်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိခိုက်နစ်နာရတဲ့ လူထုအသိုက်အဝန်းနဲ့ ထိထိရောက်ရောက် ထိတွေ့ဆက်ဆံဖို့လည်း တောင်းဆိုပါတယ်။
ဒါမှသာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ အကူးအပြောင်းကာလ တရားမျှတမှု ဖော်ဆောင်နိုင်မဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပေးနိုင်မယ်၊ ဒီလို ကြိုးပမ်းအားထုတ်မှုတွေဟာ ပြည်သူ့ကိုယ်စားပြုအုပ်ချုပ်ရေး၊ လူ့အခွင့်အရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဒေသတွင်း ရေရှည်တည်ငြိမ်ရေးကို အခြေခံတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ဆီ ဦးတည်ပြီး အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တခု ဖြစ်လာဖို့အတွက် မရှိမဖြစ် အရေးကြီးတယ်လို့ အာရှ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။
ANFREL နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့ ပူးပေါင်းထုတ်ပြန်ထားတဲ့ “ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝတ်စုံသစ် - စစ်ကောင်စီရဲ့ တရားမဝင် ၂၀၂၅-၂၆ ရွေးကောက်ပွဲနဲ့ ရှေ့ဆက်ရမယ့်လမ်း” အစီရင်ခံစာမှာ မှတ်တမ်းတင်ထားတဲ့အတိုင်းပဲ စစ်ကောင်စီက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာ ယုံကြည်စိတ်ချရမှု၊ အားလုံးပါဝင်နိုင်မှုနဲ့ တရားဝင်မှုဆိုင်ရာ နိုင်ငံတကာနဲ့ ဒေသတွင်းစံနှုန်းတွေ တခုမှ မပြည့်မီဘူးဆိုတာကို ANFREL က ထပ်လောင်း ပြောကြားပါတယ်။
ဒီလုပ်ငန်းစဉ်မှာ စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ ပါဝင်နိုင်ဖို့ လိုအပ်တဲ့ အခြေခံအချက်တွေ လုံးဝမရှိတဲ့အတွက် ဒါကို မြန်မာပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်လို့ ဘယ်လိုမှ သတ်မှတ်လို့ မရပါဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြည်သူတွေနိုင်ငံရေးမှာ ပါဝင်ခွင့်တွေ၊ အရပ်ဘက်နယ်ပယ်တွေနဲ့ လွတ်လပ်စွာ စောင့်ကြည့်စစ်ဆေးခွင့်တွေကို ဆက်တိုက်ကန့်သတ်ထားတာဟာ ပြည်တွင်းရွေး ကောက်ပွဲစောင့်ကြည့်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းထောက်တွေနဲ့ ဒေသတွင်းက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအတွက် ပိုပြီးတော့ ခက်ခဲကြမ်းတမ်းစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲတွေကို ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်စပိုင်းတွေမှာ ကျင်းပခဲ့တာမှာ NLD နဲ့ အဓိကတိုင်းရင်းသားပါတီကြီး တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသလို တနိုင်ငံလုံးအတိုင်းအတာနဲ့လည်း ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက စီစဉ်ထားတဲ့အတိုင်း အနိုင်ရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံအဖွဲ့ကလည်း ဒီရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်ရ မထားသေးဘူးလို့ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ကြေညာထားပါတယ်။










