DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် သဘာဝဘေး အရေးပေါ်အခြေအနေ တုံ့ပြန်ရေး ဆွေးနွေး
DVB
·
October 27, 2019
ရခိုင်ပြည်နယ် သဘာဝဘေး အရေးပေါ်အခြေအနေ တုံ့ပြန်ရေး ဆွေးနွေး
Donate to DVB

ကမ်းရိုးတန်းဒေသခုဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက် ရှင်းလင်းပွဲကို မြေပုံမြို့မှာ ပြုလုပ်ခဲ့တယ်။

သဘာဝဘေး ကျရောက်တဲ့အခါမှာ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ် အခြေအနေတွေ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းတွေမှာ သတ်မှတ်ထားမယ့် အခြေနေတွေအတွက် ဌာနဆိုင်ရာတွေကို တဆင့်ရှင်းလင်းတာပါ။ 

ကမ်းရိုးတန်းဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မြေပုံမြို့ဆိုရင် နှစ်စဉ်နှစ်တိုင်းလိုလို သဘာဝဘေးအန္တရာယ် ခံနေရတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေကလည်း အားနည်းနေတယ်လို့ ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးက ဆိုပါတယ်။

“ဆင်းရဲတဲ့ဒေသ ဖြစ်တဲ့အတွက်ကြောင့်မို့ ပိုပြီးဆထက်တိုးပြီးတော့ အဲဒီဒဏ်ကို ခံစားရတယ်။ ပိုပြီးတော့ ကြံ့ကြံ့ခံနိုင်ဖို့ အားနည်းတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ပိုပြီးလုပ်ဖို့လိုတယ်။ သဘာဝဘေး အသိပညာပေးတွေ၊ သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးတွေမှာ ဌာနဆိုင်ရာတွေတင် မဟုတ်ဘဲနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူတွေ ပူးပေါင်းပါဝင်ပြီးတော့ အသိပညာ ဗဟုသုတတွေ ရရှိတိုးပွားပြီး ကာကွယ်နိုင်မယ်။ သဘာဝဘေးဒဏ်ကို ရင်ဆိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းနိုင်မယ်လို့ ယုံကြည်တဲ့အတွက် IOM အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ကျနော်တို့ ဆောင်ရွက်နေရတာ ဖြစ်တယ်။”

ဒီလုပ်ငန်းစီမံချက်ကို ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့က ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)က ဦးဆောင်ပြီး ပြုလုပ်ခဲ့တာပါ။ 

ဒါ့အပြင် ဒီလို သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာမယ်ဆိုရင် အရေးပေါ် ပြောင်းရွှေ့ နေရာချထားမယ့် အစီအစဉ်တွေ၊ ခိုလှုံဖို့နေရာ အခြေအနေကို ကြိုတင်ပြင်ဆင်ထားကြဖို့ လိုတယ်လို့ မြေပုံမြို့ မီးသတ်ဦးစီးဌာန ဦးစီအးရာရှိ ဦးမင်းသူက ပြောပါတယ်။

“ဘေးအန္တရာယ်ကြုံနေတဲ့သူတွေကို ဘယ်လို ရွှေ့ပြောင်းမလဲ၊ ဖြစ်သွားပြီးရင် သုံးရက်လောက် စားနပ်ရိက္ခာ ဘယ်လို စုဆောင်းမလဲ။ အရင်တုန်းက စုဆောင်းထားတာတွေ ရှိလား။ ဖြစ်ပြီးရင် သွားမယ့် စက်လှေတို့၊ ကားတို့ ဘယ်နေရာတွေမှာ အလွယ်တူ ရနိုင်သလဲ၊ ဆီတို့၊ စက်သုံးဆီတို့ ဒါတွေကိုလည်း မဖြစ်ခင်က ကြိုပြီး စုဆောင်းထားရမယ်။ ဒါမှ ဖြစ်ပြီးသွားရင် အလွယ်တကူ လိုက်လံဆောင်ရွက်ပေးနိုင်မယ်။ ကျန်းမာရေးဆိုင်ရာတွေ ဝိုင်းဝန်းဆွေးနွေးပေးနိုင်မယ်။”

ဒီလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးကို မြေပုံမြို့က ဌာနဆိုင်ရာက တာဝန်ရှိသူတွေ မီးသတ်ဌာန၊ ရဲတပ်ဖွဲ့တွေ၊ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ 

မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်အောင်က “မုန်တိုင်းတိုက်မယ်ဆိုရင် ဘယ်လို ပြင်ဆင်ရမလဲ။ ဘယ်နေရာမှာ ခိုလှုံမှာလဲ။ ဘာတွေ ဘယ်လို ပြင်ဆင်ထားရမလဲ။ ဒါတွေကို ကျနော်တို့က ကြိုတင်ပြင်ဆင်ထားရမယ်။ ဥပမာ မုန်တိုင်းတိုက်မယ်ဆိုရင် ပထမဆုံးတော့ မီးပြတ်သွားမှာပဲ။ မီးပြတ်ရင် ကိုယ့်အတွက် အိမ်မှာ သောက်ရေအိုးတို့၊ ဖယောင်းတိုင်တို့၊ မီးခြစ်မီးတို့၊ ဖုန်းအားသွင်းဖို့ ပါဝါဘဏ်တို့ ဒါမျိုးတွေ ကျနော်တို့ ကြိုတင်ပြင်ဆင်ထားရပါမယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတခုဖြစ်တဲ့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်ဆင့်က ဌာနဆိုင်ရာတွေကို သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှုတွေ၊ ကြိုတင်သတိပေးချက်စနစ်တွေနဲ့ အရေးပေါ်ကာလ တုံ့ပြန်ဆောင်ရွက်မှုကဏ္ဍတွေမှာ ပိုမိုအားကောင်းလာအောင်ဖို့ စီမံချက်တွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ကူညီပေးနေတယ်လို့ ဆိုပါတယ်။ 

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013