Homeမြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းကြောင့် အိမ် ၇ လုံးနှင့်စိုက်ခင်းများပျက်စီး၊ ကွန်ဂျီဆင်များဖြင့် မောင်းထုတ်
တိုက်ကြီးတွင် တောဆင်ရိုင်းကြောင့် အိမ် ၇ လုံးနှင့်စိုက်ခင်းများပျက်စီး၊ ကွန်ဂျီဆင်များဖြင့် မောင်းထုတ်
DVB
·
October 25, 2019
တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းကျေးရွာမှာ တောဆင်ရိုင်း တကောင်ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၇ လုံးနဲ့ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ကစတင်ပြီး ကျေးရွာအတွင်း တောဆင်ရိုင်းဝင်ရောက် ဖျက်ဆီးနေတာဖြစ်ပြီး မနေ့ကတော့ မြိုင်ဟေဝန်ဆင်စခန်းက ကွန်ဂျီဆင် ၅ ကောင်နဲ့ မောင်းပေးနေတယ်လို့ မြိုင်ဟေဝန်ဆင်စခန်း ဆင်ဦးစီး စောအယ်ဆေးကပြောပါတယ်။
"အရင်ရက်တွေက လူနဲ့ လိုက်မောင်းတယ်။ အဆင်မပြေတာနဲ့ ကွန်ဂျီဆင် ၅ ကောင်နဲ့ ရွာတွေနဲ့ လွတ်တဲ့တောထဲကိုပြန်မောင်းသွားမှာ။ တလကို အနည်းဆုံး သုံးကြိမ်လောက်မောင်းရတယ်။ ပြန်ခံပြီး ရန်လုပ်တဲ့ဆင်နဲ့တွေ့ရင် ခက်ခက်ခဲခဲမောင်းရတယ်။ ကျေးရွာတွေက ဆင်ဝင်တယ်လို့ အကြောင်းကြားလာရင်တော့ မောင်းပေးရတယ်။"
လူသန့်အင်းကျေးရွာက နေအိမ်ဖျက်ဆီးခံရသူ ကိုဇော်ရဲလင်းက "ဒီဆင်က ကျနော်တို့ဘက်ကို ရောက်တာ ၇ နှစ်ရှိပြီ။ အများဆုံး အခုလို စပါးပေါ်ချိန်တွေ ရောက်လာတယ်။ အရင်နှစ်တွေက တခါ မောင်းပြီးရင် ပြ န်မလာတော့ဘူး။ အခုသုံးနှစ်လောက်ရှိပြီ၊ မောင်းပြီး သုံးလေးရက်ဆိုပြန်လာတာ။ စိုက်ခင်းနဲ့ လူနေအိမ်တွေ ဖျက်ဆီးခံရတော့ ကျနော်တို့တွေ အခက်အခဲဖြစ်တာပေါ့။ သူတို့ရောက်လာတော့ အလုပ်ကောင်းကောင်းမလုပ်ရဲဘူး" လို့ ပြောပါတယ်။
ဂျစ်ကားအမည်ရှိ တောဆင်ရိုင်းက စက်တင်ဘာလအတွင်းကလည်း ဆင်စခန်းကျေးရွာအတွင်း ၄ ရက်ဆက်တိုက်ဝင်ရောက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးလောက် ပျက်စီးခဲ့ပြီး အခု လူသန့်အင်းကျေးရွာကို သုံးရက်ဆက်တိုက်ဝင်ရောက်တာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အဆိုပါတောဆင်ရိုင်းဟာ လူတွေနဲ့အမြဲထိတွေ့မှုရှိနေပြီး မယဉ်မရိုင်းအနေအထားကြောင့် အရင်က မောင်းရတာလွယ်ပေမဲ့ ခုချိန်မှာတော့ ခက်ခဲလာပြီး ပြန်ရန်မူတတ်တယ်လို့ ဆင်ဦးစီး ကိုကျော်မျိုးခိုင်က ပြောပါတယ်။
"လက်ရှိအချိန်မှာဂျ စ်ကား ဆိုတဲ့ဆင်က လာမောင်းတဲ့ ကွန်ဂျီဆင်တွေကိုပ ပြန်ခံတိုက်ဖို့ကြံတယ်။ ဆင်နဲ့လူတွေပေါင်းပြီး ဗျောက်အိုးဖောက်တာတွေ၊ အော်ဟစ်တာတွေလုပ်လို့ ပြန်လှည့်သွားတာ။ အခုက ၅ ကောင်နဲ့မို့ တကောင်နှစ်ကောင်ဆို ပြန်တိုက်မှာ။ နောက်ဆို မောင်းဖို့တော်တော်ခက်ခဲမယ်။"
သတင်း မေသွယ်