
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တဲ့လူငယ် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဒေသခံအမျိုးသားနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပစ်သတ်ခံရတဲ့လူငယ်ဟာ လေးမျက်နှာမြို့နယ် ရေဖြူကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုဇော်ထွန်း ဖြစ်ပြီး သြဂုတ် ၂၅ ရက် ညနေ ၆ နာရီဝန်းကျင်လောက်က လယ်ယာလုပ်ငန်းလုပ်ပြီး ပြန်လာတဲ့အချိန် အဖမ်းခံရပြီးနောက် သြဂုတ် ၂၇ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဒေသခံ အရပ်သားတယောက်က “အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်သွားလုပ်တာဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းခဲ့တာ။ အဖမ်းခံရပြီး မနေ့ ၂၇ ရက်နေ့က သေဆုံးသွားတာ။ စစ်တပ်က ဇော်ထွန်းကို လယ်ယာလုပ်ငန်းခွင်က အပြန် ဖမ်းဆီးခဲ့တာ” လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့လူငယ်ဟာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက ရိုက်နှက်ပြီးနောက် သေနတ်နဲ့ပစ်ခတ်လို့ နားထင်ပွင့်ထွက်၊ ရင်ဘတ်ညိုမဲဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “စစ်ဆေးနေစဉ် အချိန်မှာလည်း ရိုက်နှက်ခံရတယ်။ နောက်ဆုံး ပစ်သတ်ခံရတာ။ ရေဖြူကျေးရွာအနီး တပ်စွဲထားတဲ့တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က လေးမျက်နှာမြို့နယ်ထဲက ရေဖြူကျေးရွာမှာ တပ်စွဲထားပြီး အရပ်သားတွေ ကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးငွေညှစ် ရိုက်နှက် သတ်ဖြတ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အရပ်သားတွေကို စစ်အာဏာရှင်တပ်က PDF လို့ စွပ်စွဲဖမ်းဆီးနေတာကြောင့် ဒေသခံတွေအနေနဲ့ လယ်ယာလုပ်ငန်းခွင်တွေကို သွားကာ အလုပ်မလုပ်ရဲတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။











