
မြန်မာနိုင်ငံ သမိုင်းတလျှောက် အချိန်အများစုကို စစ်အာဏာရှင်တွေအုပ်ချုပ်ခဲ့ပြီး စစ်တက္ကသိုလ် (DSA) ရဲ့ ပင်မဝင်ပေါက်မှာတော့ အနီနဲ့အဝါရောင် ဆိုင်းဘုတ်ကြီးတခုကို ချိတ်ဆွဲထားပါတယ်။ အဲဒီဆိုင်းဘုတ်မှာ "နောင်တစ်ခေတ်၏ အောင်စစ်သည်" (The Triumphant Elite of the Future) ဆိုပြီး သူတို့ကိုယ်သူတို့ အထင်တကြီး ရေးသားထားပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ မြို့ထဲမှာ အောင်ပွဲခံပြီး သွားလာနေတဲ့ ထိပ်သီးအလွှာဆိုတာ မရှိတော့ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်း ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်တွေက ဗိုလ်လောင်းတွေဟာ တောင်ပေါ်ဒေသက တော်လှန်ရေးသမားတွေရဲ့ ရံဖန်ရံခါ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာတွေကို ခံနေရလို့ ကျောင်းဝင်းထဲမှာပဲ ပုန်းအောင်းနေရပါတယ်။ ကျောင်းအုပ်ကြီးတွေကလည်း သိပ်ကို စိုးရိမ်ပူပန်နေကြပြီး ဒီတက္ကသိုလ်တွေကို ပိုမိုလုံခြုံတဲ့ နေရာတွေဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ စစ်တပ်အတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်က မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နောက်ထပ်အာဏာသိမ်းမှုတခုကို ပြုလုပ်ခဲ့ချိန်မှာ ပြင်းထန်တဲ့ ပြည်တွင်းစစ်မီးကို မွှေးခဲ့ပါတယ်။ သူတို့ဟာ တိုင်းပြည်ကို ဖျက်ဆီးခဲ့ပြီး ကမ္ဘာပေါ်မှာ အကွဲအပြဲဆုံး ပဋိပက္ခတခုကို ဖန်တီးခဲ့ပါတယ်။ အခုအချိန်မှာ အရပ်သားအစိုးရပုံစံဟန်ပြပြီး ကြွားလုံးထုတ်နေပေမဲ့ စစ်တပ်ဟာ အကြောက်တရားနဲ့ လွှမ်းမိုးအုပ်ချုပ်နေတဲ့ နိုင်ငံတခုကို ဖန်တီးထားလိုက်ပါပြီ။
ကျမနဲ့ The New York Times က ဓာတ်ပုံဆရာ ဒန်နီရယ်ဘယ်ရီဟူလက်တို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို သုံးပတ်ကြာ သွားရောက်သတင်းယူခဲ့ပါတယ်။ အဲဒီအခါမှာ လူတိုင်းဆီကို အကြောက်တရားတွေ ဘယ်လိုရောက်လာသလဲဆိုတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလောက်က ကမ္ဘာလုံးဆိုင်ရာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ စံပြနိုင်ငံတခုလို့ ထင်ရတဲ့ မြန်မာနိုင်ငံဟာ အခုတော့ ဘယ်လောက်တောင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီလဲဆိုတာကို တွေ့ခဲ့ရပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူတွေဟာ အလွန်ကို ကြောက်ရွံ့ထိတ်လန့်နေကြပါတယ်။ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ (ACLED) ရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံဟာ ပါလက်စတိုင်းဒေသပြီးရင် ကမ္ဘာပေါ်မှာ ပဋိပက္ခဒဏ် အဆိုးရွားဆုံးခံစားရတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ လူငယ်တွေကို ရှေ့တန်းပို့နိုင်တဲ့ စစ်မှုထမ်းဥပဒေကြောင့်လည်း ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဂိတ်တွေမှာ စစ်သားတွေက ဖုန်းစစ်ဆေးတိုင်းလည်း အမှတ်တမဲ့ပို့ထားတဲ့ စာတွေ၊ ဟာသပုံ (meme) တွေကြောင့် ထောင်ကျသွားမလားဆိုပြီး ကြောက်လန့်နေရပါတယ်။ ဒီနိုင်ငံဟာ အချင်းချင်း မျက်နှာလွှဲထားရပြီး မေးခွန်းတွေကို အဖြေမပေးရဲတဲ့ နိုင်ငံတခု ဖြစ်နေပါပြီ။ လူတွေဟာ စကားပြောရင် သွယ်ဝိုက်ပြီးပြောကြသလို တချို့ဆို လုံးဝကို မပြောရဲကြတော့ပါဘူး။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်ဟာ ထိပ်ပိုင်းအရာရှိတွေကို အရပ်ဝတ်တွေနဲ့ အသွင်ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ကိုယ်တိုင်လည်း ကြောက်ရွံ့နေပါတယ်။ အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်လာကြတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် ယူနီဖောင်းဝတ်ထားသူတိုင်း၊ ဒါမှမဟုတ် စစ်ဗိုလ်ချုပ်တွေနဲ့ ပူးပေါင်းနေသူတိုင်းဟာ ပစ်မှတ်ထားခံနေရပါတယ်။ အရင်က လက်ဆွဲအိတ်ကိုင်ပေးတဲ့သူတွေ ခြံရံပြီး လူလုံးထွက်ပြလေ့ရှိတဲ့ စစ်အရာရှိတွေဟာ အခုဆို လုံးဝပျောက်ကွယ်သွားပါပြီ။ စီးပွားရေးခရိုနီတွေကလည်း အချင်းချင်း သဘောထားကွဲလွဲနေတဲ့ ဗိုလ်ချုပ်တွေရဲ့ ရှင်းလင်းဖယ်ရှားမှုတွေကို ခံရနိုင်တယ်ဆိုတာ သိနေကြပါတယ်။ တချို့ဆိုရင် ဒူဘိုင်းနဲ့ တခြားနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်သွားကြပါပြီ။
ဒီဇင်ဘာလနှောင်းပိုင်းကနေ ဇန်နဝါရီလနှောင်းပိုင်းအထိ စစ်ကောင်စီဟာ ရွေးကောက်ပွဲတွေကို အတုအယောင် ကျင်းပခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ လက်ဝေခံပါတီကို ယှဉ်ပြိုင်နိုင်တဲ့ အစစ်အမှန် အတိုက်အခံပါတီဆိုတာ မရှိခဲ့ပါဘူး။ အာဏာမသိမ်းခင်က စစ်တပ်ကျောထောက်နောက်ခံပါတီကို နှစ်ကြိမ်တိုင်တိုင် အပြတ်အသတ်အနိုင်ရခဲ့တဲ့ နိုင်ငံရဲ့ အကြီးဆုံး ဒီမိုကရေစီအင်အားစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုလည်း ဖျက်သိမ်းပစ်ခဲ့ပါတယ်။ ဒါတောင်မှ စစ်ဗိုလ်ချုပ်တွေဟာ ဂနာမငြိမ်ဖြစ်နေကြဆဲပါ။ သူတို့ဟာ နိုင်ငံရဲ့ ထက်ဝက်တောင်မရှိတဲ့ နေရာတွေမှာပဲ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတွေကို မျိုးချစ်စိတ်ပြတဲ့အနေနဲ့ မဲပေးကြဖို့ သတိပေးခြိမ်းခြောက်ခဲ့ပါတယ်။
ဒီရွေးကောက်ပွဲတွေကနေ စစ်တပ်ရဲ့ လက်ဝေခံပါတီ အနိုင်ရသွားတာဟာ အံ့သြစရာ တော့မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲကတဆင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဒီလထဲမှာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ဖို့ လမ်းခင်းပေးလိုက်တာဖြစ်ပါတယ်။ ဒါတင်မက၊ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ကမ္ဘာကို ပြသဖို့ ကြိုးစားမှုတခုလည်း ဖြစ်ပါတယ်။ စစ်တပ်ဟာ ပြိုလဲနေတဲ့ စီးပွားရေးကို ပြန်လည်အသက်သွင်းဖို့ တည်ငြိမ်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လိုအပ်နေပါတယ်။ စစ်တပ်ရဲ့ မီဒီယာတွေကတော့ သူတို့သတ်မှတ်ထားတဲ့ "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" ဆိုတဲ့ တမူထူးခြားတဲ့ နိုင်ငံရေးစနစ်ဆီ ပြန်လည်ရောက်ရှိလာပြီလို့ ချီးကျူးရေးသားနေကြပါတယ်။
ဒါပေမဲ့ ဒီနှစ်အစောပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာတော့ အကြောက်တရားနဲ့ မျှော်လင့်ချက်မဲ့မှုတွေ ပိုပြီးပျံ့နှံ့နေတာကို တွေ့ခဲ့ရပါတယ်။ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်သူတွေကို ချေမှုန်းဖို့ ကြိုးစားရင်း လူပေါင်း ၁၃,၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ACLED က ထုတ်ပြန်ခဲ့ပါတယ်။ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေဟာ စံချိန်တင်မြင့်မားနေပြီး တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ကာမီကာဇေ ဒရုန်းတွေနဲ့ ပါရာဂလိုက်ဒါတွေကိုတောင် အသုံးပြုပြီး သတ်ဖြတ်နေကြပါတယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေဟာ အဓိကပစ်မှတ်တွေ ဖြစ်နေပါတယ်။
ဇန်နဝါရီ ၁၇ ရက်မှာတော့ စစ်ကောင်စီက ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီလို့ အောင်ပွဲခံနေချိန်မှာ တိုက်လေယာဉ်နှစ်စင်းက မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသက ကျေးရွာတရွာမှာရှိတဲ့ မူကြိုကျောင်းနဲ့ စစ်ရှောင်စခန်းတွေကို ပေါင်ရာချီလေးတဲ့ ဗုံးတွေ ကြဲချခဲ့ပါတယ်။ အဲဒီနောက် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတော့ အဲဒီပျက်စီးနေတဲ့ နေရာတွေကို ကျမတို့ သွားရောက်ခဲ့ပါတယ်။ အိမ်ရှေ့လမ်းတဖက်က ပျက်စီးမှုတွေ၊ ခေါင်းထဲမှာ စွဲကျန်နေတဲ့ ပေါက်ကွဲသံကြီးတွေ၊ သေဆုံးသွားတဲ့ ကလေးလေးရဲ့ တိုးညှင်းတဲ့ အော်သံတွေကို ပြန်လည်ပြောပြနေတဲ့ ကိုမျိုးဆန်းဟာ မျက်ရည်ဝဲနေပါတယ်။
"သူတို့ ဘယ်အချိန်လာတိုက်မလဲဆိုတာ မသိရတဲ့အတွက် ကျနော်တို့ အမြဲတမ်း ကြောက်နေရပါတယ်။ ဒါတွေ ဘယ်တော့ပြီးမလဲဆိုတာလည်း မသိတော့ပါဘူး" လို့ သူက ပြောပါတယ်။
ပျက်စီးနေတဲ့ မူကြိုကျောင်းလေးရဲ့ အပျက်အစီးတွေကြားမှာ သစ်သားမြင်းရုပ်လေးနှစ်ခုနဲ့ ငြိမ်းချမ်းရေးသင်္ကေတ ချိုးငှက်ပုံစပ်ရတဲ့ ကလေးကစားစရာ ပဟေဠိ (Puzzle) တခု လဲကျနေတာကို တွေ့ခဲ့ရပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ တလတာကာလအတွင်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ အကြိမ် ၄၀၀ ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်က "မြန်မာပြည်သူတွေ ခံစားနေရတဲ့ နက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ မျှော်လင့်ချက်မဲ့မှုဟာ စစ်တပ်ရဲ့ မကြာသေးမီက ရွေးကောက်ပွဲကြောင့် ပိုပြီးဆိုးရွားသွားစေတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ သူပုန်တွေကိုသာ ပစ်မှတ်ထားတာဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ပြောပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အဆိုအရ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရတဲ့ ဒီဇင်ဘာလအတွင်းက ရခိုင်ပြည်နယ်အနောက်ပိုင်း ဆေးရုံဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး သူက ရည်ညွှန်းပြောဆိုခဲ့တာပါ။
"ဒီဆေးရုံကို အကြမ်းဖက်သမားတွေ အသုံးပြုနေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်ကို ကျနော်တို့ ရထားပါတယ်။ ဆေးရုံတက်နေတဲ့ သူတွေကလည်း အရပ်သားတွေ မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။
အကြောက်တရားဆိုတာ ကောင်းကင်ပေါ်ကနေပဲ ကျလာတာ မဟုတ်ပါဘူး။ စစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေဆီကနေ နယ်မြေပြန်သိမ်းတဲ့အခါမျိုး၊ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ကို အရှုံးပေးရတဲ့အခါမျိုးတွေမှာ စစ်သားတွေဟာ ရွာတွေထဲဝင်ပြီး အိမ်တွေကို ဆီလောင်း မီးရှို့လေ့ရှိပါတယ်။ အညာဒေသမှာတော့ မီးလောင်ပြာကျသွားတဲ့ သူတို့ရဲ့အိမ်လေးတွေကိုကြည့်ပြီး ငိုကြွေးနေကြတဲ့ ဒေသခံတွေနဲ့ ကျမတို့ တွေ့ဆုံခဲ့ပါတယ်။ မီးလောင်ပြင် အပျက်အစီးတွေကြားမှာ စစ်တပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားလေ့ရှိပါတယ်။ အရပ်သားတွေကို အဓိက သေကျေစေတဲ့ "မြေမြှုပ်မိုင်းအသုံးပြုမှု ပပျောက်ရေး" လှုပ်ရှားနေတဲ့ အဖွဲ့တဖွဲ့ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
ဗမာလူမျိုး အများစုနေထိုင်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့ ဆင်းရဲဒုက္ခတွေဟာ တရားဝင်စာရင်းအရ လူပေါင်း ၄,၀၀၀ သေဆုံးခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ အဲဒီထက်မက သေဆုံးနိုင်တဲ့ ပြီးခဲ့တဲ့နှစ်က ငလျင်ဒဏ်ကြောင့် ပိုပြီးဆိုးရွားသွားခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတယ်လို့ ယူဆရတဲ့ အညာဒေသတွေမှာ ငလျင်လှုပ်ပြီး တနှစ်ကြာတဲ့အထိ စစ်ကောင်စီဟာ ပျက်စီးမှုတွေကို ရှင်းလင်းပေးတာမျိုး သိပ်မလုပ်ခဲ့ပါဘူး။ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ အင်းဝရှေးဟောင်းမြို့တော်က စေတီပုထိုးတွေဟာ အခုတော့ စွန့်ပစ်ခံထားရပြီး ဘုရားဆင်းတုတော်တွေ၊ စေတီတွေလည်း ပြိုကျပျက်စီးနေပါတယ်။ ဒေသခံတွေက ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေကြပေမဲ့ နိုင်ငံလူဦးရေရဲ့ လေးပုံတပုံနီးပါးဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူ အနည်းဆုံး ၃၀,၈၀၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က ဆိုပါတယ်။ စစ်တပ်ဟာ အာဏာရှင်ဆန်တဲ့ အမိန့်တွေထုတ်ပြန်ပြီး အနောက်နိုင်ငံတွေက ဆိုရှယ်မီဒီယာအက်ပ်တွေ သုံးစွဲတာ (ပြည်သူတွေ သတင်းမှန်သိသွားမှာ ကြောက်တဲ့အတွက်)၊ ဆိုင်ကယ်တစီးမှာ အမျိုးသားနှစ်ယောက် စီးနင်းတာ (စစ်တပ်ထောက်ခံသူတွေကို လုပ်ကြံမှာ ကြောက်တဲ့အတွက်) နဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းပန်တာတွေကိုပါ (သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ ပန်းလေးတွေကတဆင့် ပြည်သူတွေရဲ့ ချစ်ခင်မှု ဆက်လက်ရှင်သန်နေမှာကို ကြောက်တဲ့အတွက်) တားမြစ်ပိတ်ပင်ထားပါတယ်။
စစ်တပ်ဟာ သူတို့ကိုယ်သူတို့ နိုင်ငံကို ကာကွယ်နေတယ်လို့ ပြောနေပေမဲ့ ပြည်သူတွေနဲ့တော့ တသီးတခြားစီ နေထိုင်ကြပါတယ်။ သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေကို သီးခြားခွဲထားသလို စစ်တပ်မိသားစုဝင်တွေကိုလည်း သာမန်လူမှုအသိုက်အဝန်းကနေ ခွဲထုတ်ထားပါတယ်။ အင်္ဂလိပ်တွေ ကျူးကျော်ဝင်ရောက်ချိန်က ဖယ်ရှားခံခဲ့ရတဲ့ မင်းဆွေမင်းမျိုးတွေ နေထိုင်ခဲ့ရာ မန္တလေးကျုံးအတွင်းမှာတော့ ရွှေချထားတဲ့ အဆောက်အအုံတွေကို စစ်တပ်က ဝန်းရံထားပါတယ်။ ဒါဟာ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စွန့်လွှတ်ပြီး သမ္မတလုပ်မဲ့ မင်းအောင်လှိုင်အတွက် ကြီးကျယ်ခမ်းနားမှုတွေကနေတဆင့် ဂုဏ်ကျက်သရေတွေ ကူးစက်လာမလားဆိုတဲ့ အတိတ်နမိတ်နဲ့ လုပ်ထားတာပါ။ နန်းတော်ဝင်းထဲကို ဝင်လာတဲ့ ဧည့်သည်အနည်းငယ်ကိုလည်း စစ်သားတွေကို ဓာတ်ပုံမရိုက်ဖို့ သတိပေးထားပါတယ်။ ဒီနေရာဟာ ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်သားတွေကို သူတို့ရဲ့ သဘာဝအတိုင်း တွေ့မြင်နိုင်တဲ့ နေရာအနည်းငယ်ထဲက တခုဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ တကျော့ပြီးတကျော့ အာဏာသိမ်းယူနေမှုတွေကို တိုင်းရင်းသားလူမျိုးစုံနေထိုင်တဲ့ နိုင်ငံကြီး မပြိုကွဲဖို့အတွက် လိုအပ်လို့လုပ်ရတာပါဆိုပြီး စစ်တပ်က အကြောင်းပြလေ့ရှိပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကတော့ လက်ရှိပြည်တွင်းစစ်နဲ့ အကြောက်တရားလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာစေတဲ့ အဓိက အကြောင်းရင်းခံပဲ ဖြစ်ပါတယ်။
အနာဂတ်ရဲ့ အောင်ပွဲခံ အိလစ်ထိပ်သီးလွှာဆိုသူတွေတောင် ဒါကို သိကြပါလိမ့်မယ်။ အမေရိကန်က West Point လိုမျိုးဖြစ်တဲ့ မြန်မာစစ်တက္ကသိုလ်တွေမှာ ကျောင်းဝင်ခွင့်လျှောက်ထားသူ အရေအတွက်ဟာ သိသိသာသာ ထိုးကျသွားပါတယ်။ အာဏာမသိမ်းခင်က အပတ်စဉ်တခုကို ဗိုလ်လောင်း ၅၀၀ လောက်ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ အယောက် ၁၀၀ တောင် မပြည့်တော့ဘူးလို့ ကျောင်းဆရာတွေနဲ့ ဝန်ထမ်းတွေက ဆိုပါတယ်။ ကျောင်းဆင်းတာနဲ့တပြိုင်နက် ပြန်တမ်းဝင်အရာရှိသစ်တွေဟာ တရက်မှတောင် အနားမရဘဲ ရှေ့တန်းကို တန်းပို့ခံရပါတယ်။ သူတို့ ကွပ်ကဲရတဲ့သူ အများစုကလည်း အတင်းအကျပ် စစ်မှုထမ်းခိုင်းထားသူတွေ ဖြစ်နေပါတယ်။
မန္တလေးမြို့စွန်က မြစ်ကမ်းဘေးရွာလေးတရွာမှာ နေဝင်ရီတရောအချိန်ရောက်တော့ ပြီးခဲ့တဲ့နှစ် ငလျင်ဒဏ်ကြောင့် ပျက်စီးယိုင်နဲ့နေတဲ့ တံတားလေးတခုကို တွေ့ရပါတယ်။ ရွာလယ်က နတ်စင်နားမှာတော့ သက်ကြီးရွယ်အို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလောက်ပဲ ညနေခင်းလေညင်းခံဖို့ ထွက်လာကြပါတယ်။ ညဘက် အရက်မူးပြီး အိမ်ပြန်လာတဲ့ အမျိုးသားနှစ်ယောက် ဖမ်းဆီးခံရပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံလိုက်ရတယ်လို့ ရွာသားတွေက တီးတိုးပြောကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုပဲသွားသွား လူငယ်တွေ မရှိတော့တာကို သိသိသာသာ တွေ့မြင်နေရပါတယ်။ အာဏာသိမ်းပြီးကတည်းက အနည်းဆုံး မြန်မာနိုင်ငံသား ၂ သန်းလောက်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးသွားကြတယ်လို့ ယူဆရပြီး အများစုကတော့ စစ်မှုထမ်းရမှာကို ရှောင်တိမ်းသွားကြတာ ဖြစ်ပါတယ်။
ကျန်ရစ်ခဲ့တဲ့သူတွေကလည်း အချိန်မရွေး အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုပြီး လူပေါင်း ၄၀၀ ကျော် တရားစွဲဆိုခံထားရပါတယ်။ ချိုးဖောက်မှုတွေထဲမှာ "တော်လှန်ရေး" ဆိုတဲ့ စကားလုံးကို သုံးစွဲတာလည်း ပါဝင်ပါတယ်။ လူငယ်တယောက်ဆိုရင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုနဲ့ ထောင်ဒဏ် ၄၉ နှစ် အချခံခဲ့ရပါတယ်။ စစ်တပ်ကို ကြောက်လို့ နာမည်အပြည့်အစုံ မဖော်ပြဖို့ တောင်းဆိုထားတဲ့ သူ့ရဲ့အစ်ကို ကိုဝင်းဟာ နိုဝင်ဘာလကမှ ထောင်ကနေ လွတ်လာခဲ့ပါတယ်။ သူဟာ စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ခံခဲ့ရပါတယ်။ ကြက်ကင်တကောင်လို ခန္ဓာကိုယ်ကို တုပ်နှောင်ခံရတာ၊ စစ်ဖိနပ်တွေနဲ့ မျက်နှာကို ကန်ကျောက်ခံရတာနဲ့ စီးကရက်မီးနဲ့ အတို့ခံရတာတွေအထိ ကြုံခဲ့ရပါတယ်။
"အဲဒီအချိန်က ကျနော်ဟာ သူတို့အိတ်ကပ်ထဲက ဖားတကောင်လိုပါပဲ" လို့ ကိုဝင်းက အကာအကွယ်မဲ့ခဲ့ရတဲ့ အဲဒီအချိန်တွေကို ပြန်တွေးရင်း အသံတွေ၊ လက်တွေ တုန်ယင်စွာနဲ့ ပြောပါတယ်။ "မြန်မာနိုင်ငံက လူငယ်တွေအတွက်တော့ ကျနော်တို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။
ဟန်နာဘိခ်ျ
Ref: The New York Times










