DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အရပ်သားများအပေါ်တိုက်ခိုက်မှု အရှိန်မြှင့်လာဟု ကုလကိုယ်စားလှယ်ပြော
ဝေဝေ
·
September 18, 2026
Photo: UN
Photo: UN
Donate to DVB

စစ်ခေါင်းဆောင် သမ္မတဖြစ်လာပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ဖိတ်ခေါ် အရေးပေးမှုနဲ့ အရပ်သားတွေ အပေါ် တိုက်ခိုက်တာတွေ အရှိန်မြှင့် လုပ်ဆောင်လာတဲ့အတွက် ဒီအခြေအနေတွေကို ကုလအသိုက်အဝိုင်း ပိုမိုသိရှိလာအောင် ကြိုးပမ်းသွားမယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကယ်လီ ကာရီက ပြောပါတယ်။

စစ်ခေါင်းဆောင် သမ္မတအဖြစ် တာဝန်စတင်ယူပြီးနောက် နိုင်ငံပေါင်း ၈ နိုင်ငံဆီကို ဖိတ်ခေါ်မှုတွေ အရ ခရီးစဉ် ၇ ခုနဲ့ သွားရောက်ခဲ့တယ်လို့ စစ်အာဏာရှင်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီလို စစ်အာဏာရှင်သမ္မတကို နေရာပေး ထောက်ပံ့ပေးမှုတွေရဲ့ တဖက်မှာပဲ စစ်အာဏာရှင်ဘက်က အရပ်သားတွေအပေါ် ဦးတည်တဲ့ တိုက်ခိုက်မှုတွေကလည်း ပိုပြီး ဆိုးဝါလာနေတဲ့ အခြေအနေတွေကို အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ တလျှောက်မှာ အဓိထား ဆောင်ရွက်သွားမယ်လို့ မေ ၁ ရက်က စတင်တာဝန်ယူခဲ့တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကယ်လီ အက်ကဲလ်စ်-ကာရီက DVB နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

“အဓိက ဆောင်ရွက်နေတဲ့ အရေးကြီးတဲ့ အကြောင်းအရာ အများအပြား ရှိပါတယ်။ တခုကတော့ မင်းအောင်လှိုင် သူ့ကိုယ်သူ ပြည်ထောင်စုသမ္မတအဖြစ် သတ်မှတ်လိုက်ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်တက်လာတာနဲ့ မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားနဲ့ အရပ်ဘက် အခြေခံ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာတဲ့အချက် ဖြစ်ပါတယ်။ နောက်တခုကတော့ စစ်အာဏာရှင်နဲ့ သူတို့ရဲ့ လက်ပါးစေတွေကို ဘဏ္ဍာရေးနဲ့ သံတမန်ရေးအရ ထောက်ပံ့ပေးပြီး စစ်အာဏာရှင် အာဏာတည်မြဲရေးအတွက် ကူညီပေးနေတဲ့ အိမ်နီးချင်းနိုင်ငံ တချို့နဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတချို့ရဲ့ ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင် သမ္မတနေရာယူပြီးချိန်ကတည်းက အရပ်သားတွေအပေါ် ဦးတည်တဲ့ အကြမ်းဖက်မှု အခြေအနေနဲ့ ဒါတွေကို ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အားပေးကူညီနေမှုဆိုတဲ့ အချက်နှစ်ချက်ကို အဓိကထား ဆောင်ရွက်နေတာပါ။”

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာတဲ့ ၂၀၂၆ ဧပြီ ၃ ရက်ကစလို့ စက်တင်ဘာ ၁၆ ရက်အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁,၂၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၅၆ ယောက် သေဆုံးကာ ၁,၁၈၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ DVB data အဖွဲ့က ကောက်ယူရရှိထားပါတယ်။

ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့ တာဝန်ခံ ကိုသဲကြီးက “ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင် စစ်ကြောင်းထိုးရာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ထောက်ပံ့ရေး ပြုလုပ်တဲ့အခါမှာ အခြေခံပစ္စည်းတွေ၊ လိုအပ်ချက်ရှိတဲ့ပစ္စည်းတွေ ဝယ်ယူရတဲ့အခါ ခဏခဏ လေကြောင်း တိုက်ခိုက်ခံရတဲ့အခါကျတော့ နေရာပြောင်းရွှေ့ရတာတွေနဲ့ ထောက်ပံ့မှု မပြုလုပ်နိုင်တဲ့အခါမှာ နှောင့်နှေးမှုတွေ ရှိတယ်ပေါ့နော်။ ကျန်းမာရေး အရေးပေါ် ဖြစ်လာတဲ့အခါ ကျနော်တို့ ကျန်းမာရေး ကုသဖို့အတွက် အခက်အခဲတွေ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာမျိုးတွေ ရှိတယ်။ နိုင်ငံတကာကနေ သူ့ကို၊ သူနဲ့ အပေါင်းအပါတွေ တစုကို အရေးယူပေးနိုင်ဖို့ အရေးကြီးတယ်ပေါ့နော်။ စာလေး ထုတ်ပြီးတော့မှ ပိတ်ပင်တားဆီးတာမျိုးတွေ လုပ်နေမဲ့အစား နိုင်ငံတကာရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ချက်တွေ အဓိကလိုအပ်တယ်လို့လည်း ထင်တယ်” လို့ ပြောပါတယ်။

မြေပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံစကားပြောခဲ့တဲ့ ကယ်လီကာရီကတော့ ဒီအခြေအနေကို ကုလသမဂ္ဂ အသိုက်အဝိုင်းအနေနဲ့ သိရှိအောင် ဆောင်ရွက်သွားမှာဖြစ်သလို အရပ်ဖက်အဖွဲ့တွေရဲ့ မှတ်တမ်းနဲ့ သက်သေအထောက်အထားတွေကိုလည်း ရှေ့တန်းရောက်ရှိအောင် လုပ်ဆောင်ပေးသွားဖို့လည်း ကတိပြုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကယ်လီကာရီက “ဆင်းရဲနွမ်းပါးပြီး သီးခြားဖြစ်နေတဲ့ အသိုက်အဝန်းတွေဟာ တော်လှန်ရေးအဖွဲ့တွေ ရှိနေတဲ့နေရာမှာ ရောက်နေရုံနဲ့တင် စစ်တပ်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတာပါ။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း စစ်တပ်ရဲ့ အရပ်သားတိုက်ခိုက်မှုကို ဟန့်တားနိုင်တဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိတာကြောင့် မြန်မာ့အရပ်ဘက်အဖွဲ့အစည်းတွေအကြား ယုံကြည်မှု ကင်းမဲ့နေပါတယ်။ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်တွေနဲ့ သံတမန်ရေးရာ အောင်မြင်မှုတွေ၊ လက်မှာ သွေးစွန်းနေတဲ့သူကို တရားဝင်မှု ပေးနေတာတွေအပေါ် သူတို့ အရမ်းစိတ်ပျက်နေကြပါတယ်။ ကုလသမဂ္ဂ စနစ်အတွင်းမှာ သူတို့ရဲ့ အသံကို တိုက်ရိုက်ကြားသိနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေပေးတာဟာလည်း အထောက်အကူ ပြုပါတယ်။ အထူးလုပ်ငန်းစဉ်တွေရဲ့ စိန်ခေါ်မှုတခုကတော့ စေတနာ့ဝန်ထမ်း ပုံစံမျိုး ဖြစ်တာကြောင့် အရင်းအမြစ် နည်းပါးတာပါ။ ဒါပေမဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ မှတ်တမ်းတင်ထားတာတွေကို ရှေ့တန်းရောက်အောင် လုပ်ဆောင်ပေးသွားမှာပါ” လို့ ပြောပါတယ်။

မြေပြင်မှာ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတဲ့ ဒေသတွင်းအဖွဲ့တွေအနေနဲ့ စစ်တပ်ရဲ့ မြေပြင်နဲ့ ဝေဟင် တိုက်ခိုက်မှုတွေအပြင် ထောက်ပံ့ကူညီမှုတွေ နည်းပါးနေတဲ့ အခြေအနေကိုလည်း ကြုံနေရတာကြောင့် နိုင်ငံတကာအနေနဲ့ လူသားစာနာအကူအညီတွေကို မြေပြင်ထိရောက်အောင် လုပ်ဆောင်ဖို့လည်း အရေးပေါ် လိုအပ်နေပါတယ်။

ဒီအခြေအနေကို သိရှိထားတဲ့ ကယ်လီ အနေနဲ့ကတော့ နိုင်ငံတကာရဲ့ အကူအညီတွေကို စစ်အာဏာရှင် အုပ်ချုပ်ခွင့် မရစေဘဲ ဒေသခံအဖွဲ့တွေဆီ တိုက်ရိုက် ဆက်သွယ် လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013