
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းဟာ မေ ၂၈ ရက်မှာ ပါရီမြို့တော်က အယ်လီစီ သမ္မတ အိမ်တော်ကို အလည်အပတ် ရောက်လာတဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို ကြိုဆို ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေး အပါအဝင် တခြားကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ အယ်လီစီသမ္မတ အိမ်တော်က ကြေညာပါတယ်။
ပြင်သစ်မြို့တော်မှာ ကျင်းပတဲ့ တွေ့ဆုံမှုဟာ မက်ခွန်းရဲ့ အင်ဒိုနီးရှားခရီးစဉ်အပြီး တနှစ်တိတိမှာ ကျင်းပတာပါ။ အင်ဒိုနီးရှားနဲ့ ပြင်သစ်အကြား မိတ်ဖက်ဆက်ဆံရေးဟာ အရင်ကထက် ပိုသက်ဆိုင် ပါတယ်လို့ မက်ခွန်းက ပြောပါတယ်။
မက်ခွန်းက အရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ အာရှနိုင်ငံ အများအပြားမှာ လောင်စာဆီဈေးနှုန်းတွေကို အပြင်းအထန် ထိခိုက်စေတဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်သိမ်းမှုတို့ကိုလည်း ဆူဘီယန်တိုနဲ့ ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။
ဆူဘီယန်တိုက “အရှေ့အလယ်ပိုင်း တည်ငြိမ်မှုက အရေးကြီးပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အခြေအနေတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို တိုက်ရိုက်အကျိုးသက်ရောက်စေမှာပါ။ ဒါကြောင့် အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးက ကျနော်တို့ရဲ့ ဘုံအကျိုးစီးပွားဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ မကြာသေးမီက ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်လာမှုရဲ့ သက်ရောက်မှုကနေ လူတွေကို ကာကွယ်ဖို့ လောင်စာဆီ ထောက်ပံ့ကြေးဘတ်ဂျက်ကို တိုးမြှင့်ခဲ့ပါတယ်။
Source: Reuters











