DVB Logo
Home
မှုခင်း
ဖျာပုံတွင် ရဲစခန်းမှူး ဆိုင်ကယ်အခိုးခံရ
DVB
·
July 19, 2026
Photo: KKL
Photo: KKL
Donate to DVB

​ဧရာဝတီတိုင်း၊ ဖျာပုံက ရဲအရာရှိနဲ့ဇနီးတို့စီးနေတဲ့ ဆိုင်ကယ် ခိုးယူခံရပြီး ကျူးလွန်သူကို တိတ်တဆိတ် စစ်ဆေးဖမ်းဆီးဖို့ ညွှန်ကြားထားတယ်လို့ ရဲတပ်ဖွဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖျာပုံမြို့မရဲစခန်းက စခန်းမှူး မျိုးထွန်းဦးနဲ့ ဇနီးဖြစ်သူစီးနေတဲ့ ဆိုင်ကယ်ဟာ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ဖျာပုံမြို့မြောက်ပိုင်း ဈေးလေးထိပ်မှာရပ်ထားချိန် ခိုးယူခံလိုက်ရတာပါ။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ဆိုင်ကယ်ခိုးခံရတာ ဟုတ်ပါတယ်။ စခန်းမှူးနဲ့ သူ့မိန်းမ စီးနေတဲ့ ဆိုင်ကယ်ပါ။ အရှက်ရစရာကိစ္စဆိုပြီး သတင်းဖုံးထားတာ။ ​ခိုးယူခံရတဲ့ ဆိုင်ကယ်ရဲ့ ယာဉ်အမှတ်AYY 64W-68635 ဖြစ်တယ်” လို့ ပြောပါတယ်။

စခန်းမှူးက ကိုယ်ပိုင်ဆိုင်ကယ်အခိုးခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသိမိတ်ဆွေတယောက်ရဲ့ ဆိုင်ကယ်ခိုးခံရတာလို့ သတင်းအမှားဖြန့်ထားပြီး ကျူးလွန်သူက ဇူလိုင် ၁၉ ရက်အထိ ဖမ်းမမိသေးလို့ သိရပါတယ်။

ဖျာပုံမြို့ခံတယောက်က “ပြည်သူတွေရဲ့ပစ္စည်းတွေ ခိုးယူခံနေရတာမနည်းဖြစ်နေပြီ။ ရဲစခန်းတိုင်လည်း အကြောင်းမထူးဘူး။ အခု သူတို့ပစ္စည်း ခိုးယူခံရတော့ လှုပ်လှုပ်သဲသဲ ဖြစ်နေကြတယ်။ လူသိလည်း မခံချင်ဘူးလေ” လို့ ပြောပါတယ်။

ဖျာပုံမြို့မှာ လျှပ်စစ်မီးကြိုးတွေ၊ ကားဘက်ထရီအိုးတွေ၊ ဆိုလာတွေ၊ ကားတာယာတွေ၊ မီးစက်တွေ စတဲ့ အိမ်သုံးပစ္စည်းတွေ နေ့စဉ်နီးပါး ခိုးယူခံနေရတဲ့အပြင် လက်ဝတ်ရတနာတွေ လုယက်ခံရပြီး နေအိမ်ဖောက်ထွင်းခံရတာလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခိုးယူခံရတာကို ရဲစခန်းကို တိုင်ပေမဲ့ ကျူးလွန်သူကို မိတာတွေ အင်မတန်နည်းတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း နေ့ခင်းကြောင်တောင် နေအိမ်ဖောက်ထွင်းခံရတဲ့ ဖြစ်စဉ်အပါအဝင် လုယက်၊ ဖောက်ထွင်း၊ ဓားပြတိုက်၊ ခိုးယူတဲ့ဖြစ်စဉ် ၉ ကြိမ်ထက် မနည်း ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013