
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ရှိ အွန်လိုင်းငွေလိုင်းငွေလိမ်ဂိုဏ်းကနေ လူကုန်ကူးခံရတဲ့ မြန်မာ ၃ ယောက်ဟာ တရုတ်လုပ်ငန်းရှင်ပိုင် သတ္တုတွင်းမှာ နောက်ထပ်ကျွန်ပြုခိုင်းစေခံရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုယ်တွေ့ကြုံပြီး ထွက်ပြေးလွတ်မြောက်လာသူ ကိုသက် (အမည်လွှဲ) ရဲ့ ပြောကြားချက်အရ သူဟာ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်က တာချီလိတ်မှာ UWSA ဝတပ်ဖွဲ့ပိုင် ရောင်နီဦးကုမ္ပဏီ စာရင်းကိုင် နေရာမှာ အလုပ်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။
တနေ့မှာ သူနဲ့တကွ လုပ်ဖော်ကိုင်ဖက် ၂ ယောက်ကို ငွေအလွှဲသုံးစားလုပ်တယ်လို့ ကုမ္ပဏီရဲ့ တရုတ် စာရင်းကိုင်က စွပ်စွဲပြီး ဒဏ်ပေးတဲ့အနေနဲ့ လစာမပေးတဲ့အပြင် အွန်လိုင်းကနေ ငွေလိမ်တဲ့ အလုပ် ကို လုပ်ခိုင်းတယ်။ ၃ လကြာတော့ မြန်မာရဲအရာရှိကနေတဆင့် မိုင်းယောင်းရှိ UWSA ‘ဝ’ တပ်ဖွဲ့ထဲ ပို့လိုက်ပါတယ်။
‘ဝ’ စစ်သားက သူတို့ ၃ ယောက်ကို နမ့်ခုတ်မြစ်အရှေ့ဘက်ကမ်းရှိ တရုတ်ကုမ္ပဏီရဲ့ မြေရှား သတ္တုတွင်းကို ပို့လိုက်တယ်။ အဲဒီသတ္တုတွင်းမှာ သူတို့ဟာ သံခြေချင်းခတ်ထားတဲ့ ‘ဝ’တပ်ဖွဲ့ရဲ့ အကျဉ်းသားတွေနဲ့အတူ မြေတူးတာ၊ ပစ္စည်းသယ်တာစတဲ့ ပင်ပန်းခက်ခဲတဲ့အလုပ်တွေ လုပ်ရ တယ်၊ တခါတလေ နမ့်ခုတ်မြစ်အနောက်ဘက်ကမ်းက အခြားမြေရှားသတ္တုတွင်းမှာလည်း သွားလုပ် ရတယ်လို့ ဆိုပါတယ်။
အဲဒီမှာ မြန်မာနိုင်ငံအနှံ့က ပုံမှန်သတ္တုတွင်းလုပ်သားတွေက ၁၀၀ လောက်ရှိတယ်၊ သူတို့ ၃ ယောက် ကတော့ အကျဉ်းသားလိုနေရတယ်။ ‘ဝ’ တပ်ဖွဲ့ဝင် အယောက် ၅၀ လောက်က လုံခြုံရေး စောင့်ကြပ် တယ်။ သူတို့ ၃ ယောက်ထဲက တယောက်ဟာ ညအချိန်ထွက်ပြေးဖို့ ကြိုးစားစဉ် အဖမ်းခံရပြီး ရိုက်နှက်ခံရတယ်။ အချုပ်ထဲထည့်ပြီးနောက် မိုင်းပေါက်က သတ္တုတွင်းကို ထပ်ပို့လိုက်တယ်၊ သူက တော့ မိုင်းယွန်းသတ္တုတွင်းမှာ ၂ လ လုပ်ပြီး ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ကိုသက်က ပြော ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းရှိ သတ္တုတွင်းတွေဟာ ဥပဒေပြင်ပမှာ လွတ်လပ်စွာလုပ်ကိုင်နေတာကို မီးမောင်း ထိုးပြနေတယ်၊ သတ္တုတူးဖော်ရာမှာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးမရှိဘဲ မြန်မာနဲ့ ထိုင်းနယ်စပ် ရှိ မြစ်ချောင်းတွေကို ညစ်ညမ်းစေတယ် အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်သတ္တုတွင်းလုပ်ငန်းရှင်တွေဟာ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပေါင်းပြီး မြန်မာလူငယ်တွေကို လူကုန်ကူးတာ၊ သတ္တုတွင်းအလုပ်ကြမ်းသမားအဖြစ် ကျွန်ပြုတာတွေ လုပ်ဆောင်နေတယ်။ ပိုဆိုးတာက ရှမ်းပြည်နယ်ရဲ့ မြေယာနဲ့ သယံဇာတတွေကို ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဆီ လွှဲပြောင်းပေးသလို ဖြစ်နေပါတယ်။ သူတို့ဟာ သဘဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေရဲ့ဘဝကို ငဲ့ကွက်တာမရှိဘဲ အမြတ်ထုတ်ဖို့ပဲ စိတ်ဝင်စား တယ်လို့ ကိုသက်က ပြောကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီပြဿနာကို အဓိပ္ပာယ်ရှိရှိ ဖြေရှင်းနိုင်မဲ့ တခုတည်းသောနည်းလမ်းကတော့ သတ္တုတွင်း ကဏ္ဍမှာ မြေယာနဲ့ သယံဇာတ အချုပ်အခြာအာဏာကို ကာကွယ်ပေးပြီး ပြည်သူ့အကျိုးစီးပွားကို ဦးစားပေးမဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရရဲ့ ထိန်းချုပ်မှု အောက် ရောက်ရှိစေဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။











