DVB Logo
Home
မြန်မာသတင်း
ရသေ့တောင် စာသင်ကျောင်းအတွင်း စခန်းချ ဖျက်ဆီးခဲ့သည့်ကိစ္စ တပ်မတော် ငြင်းဆို
DVB
·
October 20, 2019
ရသေ့တောင် စာသင်ကျောင်းအတွင်း စခန်းချ ဖျက်ဆီးခဲ့သည့်ကိစ္စ တပ်မတော် ငြင်းဆို
Donate to DVB

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောကုန်းတန်း (ခေါ်) ရက်ခုန်းတိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ တပ်မ- ၂၂ က စခန်းချနေထိုင်ကာ ကျောင်းအတွင်း ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ကျောင်းတာဝန်ရှိတွေရဲ့ ပြောကြားချက်အပေါ် တပ်မတော်က ငြင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကစလို့ ၁၈ ရက်နေ့အထိ တပ်မတော်တပ်မ ၂၂ က အင်အား ၁၀၀ ကျော်လောက်ဟာ ပြိန်းတော ကုန်းတန်း(ခေါ်) ရက်ခုန်းတိုင်ကျေးရွာက အစိုးရ စာသင်ကျောင်းနဲ့ ဘုန်တော်ကြီးကျောင်းတွေမှာ ယာယီနေထိုင်ခဲ့ကြတာလို့ ကျောင်းတာဝန်ခံတွေက ပြောပါတယ်။

တပ်မတော်က အစိုးရစာသင်ကျောင်းအတွင်း တည်းခိုနေစဉ်ကာလမှာ ကျောင်းအတွင်း စာအုပ်စာတမ်းတွေ အပါအဝင် ကလေးတွေရဲ့ သင်ထောက်ကူပစ္စည်းတွေ၊ ဆရာ၊ ဆရာမ အခန်းဆောင်တွေက ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၉ ရက်နေ့က စစ်တပ်က ရောက်နေတာ၊ အဲဒီမှာ တပ်မတော်စစ်ကြောင်းက ကျောင်းအနောက်ခြံစည်းတွေကိုလည်း ဖျက်ဆီးပြီးတော့ ထွက်သွားတယ်။ ကျောင်းက ခြံစည်းရုံးတွေ အကုန်ဖျက်ဆီးခံထားရတယ်။ ပြီးတော့ ကျောင်းရဲ့ရုံးခန်းကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ ဆရာ၊ ဆရာမတွေ ပစ္စည်းတွေ၊ ပြီးတော့ စာအုပ်စာတမ်းတွေ အကုန်ဖျက်ဆီးခံထားရတယ်။ ကျောင်းသားတွေရဲ့ သင်ထောက်ကူပစ္စည်းတွေ အကုန်ဖျက်ဆီးသွားတယ်။ နောက်ပြီးတော့ အမျိုးသမီးနေတဲ့အဆောင်မှာဆိုရင် အကုန်ပစ္စည်းတွေ ဖျက်ဆီးပြီးတော့ ထားခဲ့တယ်။ ဘာမှမကျန်တော့ဘူး။”

အဲဒီအစိုးရစာသင်ကျောင်းမှာ ပုဂ္ဂိုလ်အလှူရှင်တွေက လှူဒါန်းထားတဲ့ ဆိုလာပြားတွေနဲ့ မီးချောင်းအချောင်း ၃၀ ကျော်နဲ့ ဝါယာကြိုးတွေ အားလုံးပျက်စီးသွားပြီး အသုံးပြုမရတော့ဘူးလို့ ဆိုပါတယ်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ အခုကိစ္စဟာ  တပ်မတော်ကို တမင်သိက္ခာကျအောင်လုပ်တာ ဖြစ်ပြီး တပ်မတော်စစ်ကြောင်းတွေက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကူညီပေးတာပဲရှိတယ်လို့ ပြောဆိုပါတယ်။

“ကျနော်တို့ တပ်တွေ အဲဒီမှာ မရှိတာကြာပြီ၊ အဲဒီမှာ အခြေပြုဖို့ နေနေသာသာ ရေစိုးချောင်းတို့ ဝန်းကျင်တဝိုက်မှာ မနေတာကြာပြီ၊ မရောက်တာလည်းကြာပြီ။ အဲဒါကတော့ တမင်သိက္ခာကျအောင်လုပ်တာဗျ၊ ကျနော်တို့ တပ်မတော်စစ်ကြောင်းတွေက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကူညီပေးတာပဲရှိတယ်။ အဲဒီလိုဟာမျိုး မရှိဘူ။ အဲဒီလိုလုပ်တာက အေအေပဲ လုပ်တာ။”

အဲဒီကျောင်းမှာ မူလတန်း၊ အလယ်တန်း ကျောင်းသူကျောင်းသား ၁၆၆ ယောက်နဲ့ ဆရာ၊ ဆရာမ အပါအဝင် ရုံးဝန်ထမ်း စုစုပေါင်း ၁၅ ဦးရှိပြီး အနီးအနားက သမီးလှရွာသစ်၊ သမီးလှ ရွာဟောင်း၊ မညင်းတောင်၊ ကုလားချောင်းကျေးရွာ အလယ်တန်းကျောင်းသားတွေ တက်ရောက်နေကြတာပါ။

လာမယ့် အောက်တိုဘာ ၂၁ ရက်နေ့မှာ ကျောင်းပြန်လည်ဖွင့်ဖို့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013