
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ် နေရာတချို့ကို မေ ၁၅ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ စစ်အာဏာရှင် တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့က စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသားတယောက်က “မနက် ၈ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံး ၃ လုံး ချသွားတာရှိတယ်။ ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံလို့တော့ သိရတယ်။ ကျနော်တို့လည်း မြို့ထဲ ဝင်မကြည့်ရဲသေးတော့ အထိအခိုက် အပျက်အစီးတွေ ရှိမရှိ ဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့ပေါ်မှာ မြို့ခံလူဦးရေတချို့ ဝင်ရောက်နေထိုင်နေကြပေမဲ့လည်း အများစုက စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် မြို့ပြင်အနီးတဝိုက်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ဘေး တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့ဟာ စစ်တွေမြို့နဲ့ အနီးဆုံးမြို့ ဖြစ်တာကြောင့် စစ်တပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဧပြီ ၁၉ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ရပ်ကွက်နဲ့ မြို့အနီးက ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး တယောက် ဒဏ်ရာ ရရှိကာ လျှပ်စစ်ဓာတ်အားခွဲရုံနဲ့ နတလ ကျောင်းတို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
ပုဏ္ဏားကျွန်း-စစ်တွေ အစပ်မှာလည်း တိုက်ပွဲတွေ ရပ်တန့်နေရာကနေ မေ ၁၄ ရက်က လက်နက်ငယ်သံ တချို့ ပြန်လည်ကြားလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို စစ်တပ်က လေကြောင်းကနေ ကင်းထောက်တာ၊ တိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။










