DVB Logo
Home
နိုင်ငံတကာ
အင်္ဂါဂြိုဟ်၏ လပေါ်က နမူနာယူပြီး ကမ္ဘာကို ပြန်ပေးပို့မည့် မစ်ရှင် ဂျပန် စတင်
DVB
·
October 20, 2026
Photo: REUTERS/Tom Bateman
Photo: REUTERS/Tom Bateman
Donate to DVB

ဂျပန်နိုင်ငံဟာ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ရံလ ဖှိုဘော့စ်ဆီကို နမူနာတွေ သွားရောက်ယူဆောင်လာနိုင်ဖို့ လူမပါတဲ့ အာကာသယာဉ်တစင်းကို အောက်တိုဘာ ၂၀ ရက် အင်္ဂါနေ့က လွှတ်တင်လိုက်ပါတယ်။

ဒီမစ်ရှင်ဟာ  ကျောက်သား ဂြိုဟ်ရံလကနေ နမူနာတွေကို ပထမဆုံးအကြိမ် ကောက်ယူပြီး ကမ္ဘာမြေကို ပြန်သယ်ဆောင်လာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဂျပန်အာကာသစူးစမ်းလေ့လာရေးအဖွဲ့ (JAXA) ရဲ့ “အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ရံလများ စူးစမ်းလေ့လာရေး” MMX  အာကာသယာဉ်ဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း တာနဲဂါရှီးမား အာကာသစခန်းကနေ မိုးမလင်းခင်မှာ H3 ဒုံးပျံနဲ့အတူ အောင်မြင်စွာ ထွက်ခွာသွားခဲ့တာပါ။

အဲဒီအာကာသယာဉ်ဟာ ၂၀၂၇ ခုနှစ် ဩဂုတ်လမှာ အင်္ဂါဂြိုဟ်ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ၂၀၃၁ ခုနှစ် မှာတော့ နမူနာတွေကို ကမ္ဘာမြေဆီ ပြန်လည်သယ်ဆောင်လာမှာ ဖြစ်ပါတယ်။ 

JAXA ကတော့ ဒီမစ်ရှင်ဟာ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ရံလ ၂ စင်းစလုံး ဘယ်လို ပေါ်ပေါက်လာတယ် ဆိုတာကို ဖော်ထုတ်ပေးနိုင်ပြီး နေအဖွဲ့အစည်းရဲ့ ရှေးဦးပိုင်းအခြေအနေတွေကို ပိုပြီးနားလည်လာစေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ဂြိုဟ်ရံလ ၂ စင်းအထဲမှာ ပုံသဏ္ဌာန် အတိအကျမရှိဘဲ ပိုကြီးမားတဲ့ ဖှိုဘော့စ်လဟာ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်အထက် ကီလိုမီတာ ၆,၀၀၀ အကွာလောက်မှာ အင်္ဂါဂြိုဟ်ကို တနေ့ကို ၃ ကြိမ်  ပတ်နေတာပါ။

JAXA ဟာ အဲဒီလရဲ့ မျက်နှာပြင်ကနေ ပစ္စည်း အနည်းဆုံး ၁၀ ဂရမ်ကို စုဆောင်းပြီး စစ်ဆေးဖို့အတွက် ကမ္ဘာမြေဆီ ပြန်သယ်လာဖို့ ရည်မှန်းထားပါတယ်။

ဒီလွှတ်တင်မှုဟာ ဂျပန်နိုင်ငံရဲ့ H3 ဒုံးပျံအတွက် ဂြိုဟ်တွေအကြား ခရီးနှင်မဲ့ ပထမဆုံးသော မစ်ရှင်တခု  ဖြစ်ပါတယ်။ 

နိုင်ငံရဲ့ အဓိကသယ်ဆောင်ရေးဒုံးပျံဟာ ၂၀၂၃ ခုနှစ်က ပထမဆုံးအကြိမ် ပျံသန်းချိန်မှာ ဒုတိယအဆင့် အင်ဂျင် မပွင့်တာကြောင့် နာမည်ပျက်နဲ့ ရင်ဆိုင်ခဲ့ရဖူးပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ အောင်မြင်မှုအများစုနဲ့ မစ်ရှင်တွေကို ဆက်တိုက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013