DVB Logo
Home
မြန်မာသတင်း
ရေကြည်မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၄ ကျောင်း စတင်ပိတ်ထားရ
DVB
·
August 7, 2026
Photo: Ko Myo Min
Photo: Ko Myo Min
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရေကြီးရေလျှံနေတာကြောင့် အခြေခံပညာကျောင်း ၄ ကျောင်း စတင်ပိတ်လိုက်ရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

လေးမျက်နှာမြို့နယ်က ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်နေတဲ့ ရေလွှမ်းမိုးတဲ့အရှိန်နဲ့ ရေကြည်မြို့နယ်ထဲက စာသင်ကျောင်းတွေထဲ ရေဝင်နစ်မြုပ်လာလို့ သြဂုတ် ၆ ရက်က စတင်ပြီး အခြေခံပညာကျောင်း ၄ ကျောင်းကို ပိတ်ထားရတာလို့ ဆိုပါတယ်။

ပညာရေးဝန်ထမ်းတယောက်က “ဘယ်လိုမှ ဆက်သင်မရလို့ ပိတ်ရတာပါ။ အခုပိတ်ရတဲ့ စာသင်ကျောင်းတွေထဲမှာ စနစ်သစ်သင်နေရတဲ့ အထက်တန်းကျောင်းတွေလည်း ပါတယ်။ အစားထိုးသင်ဖို့ စီစဉ်နေတယ်” လို့ ပြောပါတယ်။

ရေကြည်မြို့နယ်မှာ ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းတွေထဲ ရေဝင်လာလို့ ပိတ်လိုက်ရတဲ့ စာသင်ကျောင်း ၄ ကျောင်းဟာ တာကျိုးကျေးရွာက အ.မ.က (တာကျိုး)၊ သပြေအိုင်ကျေးရွာက အ.မ.က (သပြေအိုင်)၊ မယင်းကူးကျေးရွာက အ.မ.က (မယင်းကူး)၊ ဒယ်ကုန်းကျေးရွာက အ.မ.က (ဒယ်ကုန်း) စတဲ့ စာသင်ကျောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေကြည်ဒေသခံတယောက်က “ရေ မနေ့ကနဲ့ ဒီနေ့တောင် မတူဘူး၊ တအားတိုးနေတာ။ စာသင်ကျောင်းတွေ ပိတ်တာ ကောင်းတယ်။ တချို့ စာသင်ကျောင်းတွေဆို ရေက လုံးဝကို မြုပ်သွားတာ။ အိမ်တွေထဲလည်း ရေတွေဝင်နေတာ မနည်းဘူး” လို့ ပြောပါတယ်။

ပိတ်ထားရတဲ့ ကျောင်းတွေရဲ့ ပိတ်ရက်တွေမှာ မသင်ကြားခဲ့ရတဲ့ သင်ခန်းစာတွေ အခက်အခဲမဖြစ်စေဖို့ မြစ်ရေပြန်လည်ကျဆင်းတဲ့အခါ အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ ပြန်လည်အစားထိုး သင်ကြားသွားမယ်လို့ သိရပါတယ်။

ဇူလိုင် ၃၁ ရက် မနက်ပိုင်းကစတင်ပြီး ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးက ငဝန်ရေကာတာ ကျိုးပေါက်တာကြောင့် လေးမျက်နှာတမြို့နယ်လုံးနီးပါး ရေလွှမ်းမိုးဒဏ်ခံနေရပြီး လေးမျက်နှာနဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာ စာသင်ကျောင်းတွေ ပိတ်ရတဲ့အထိ ဖြစ်လာတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013