အီတလီနိုင်ငံ မီလန်မြို့မှာ အောက်တိုဘာ ၁၈ ရက်က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ဆန္ဒပြ အကြမ်းဖက်သူ ၆၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
နေထိုင်မှုစရိတ် ကြီးမြင့်ခြင်း၊ ဝန်ဆောင်မှု ညံ့ဖျင်းခြင်းတို့ကြောင့် အီတလီနိုင်ငံ မြို့အများအပြားမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး ဒုတိယနေ့မှာ လူစုခွဲဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ခဲ့ကြတာပါ။
ဆန္ဒပြသူတွေဟာ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့သလို ဈေးဆိုင်တွေကိုလည်း လုယက်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗွီဒီယိုမှတ်တမ်းတွေရဲ့ ဖော်ပြချက်အရ ခေါင်းစွပ်တွေ ဝတ်ထားတဲ့ ဆန္ဒပြသူ ရာပေါင်းများစွာဟာ ပီယာဇာဒူအိုမိုအနီးမှာ ရှိတဲ့ ဈေးဆိုင်ပြတင်းပေါက်တွေကို ချိုးဖျက်ခဲ့သလို အမှိုက်ပုံးတွေ မီးရှို့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ပစ်ပြီး လူစုခွဲခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်ကလည်း ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ဖူးပြီး ဆန္ဒပြသူ ၂၈ ယောက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။
မီလန်၊ ဘိုလော့နာ၊ ဘရက်စီယာ၊ ဘာဂါမို၊ တူရင်တို့မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အီတလီနိုင်ငံက မြို့တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားလာတာက ပြင်သစ်နိုင်ငံ ဆန္ဒပြပွဲတွေရဲ့ ပံ့တင်သံတွေလို့ ဆိုပါတယ်။
အီတလီနိုင်ငံမှာလည်း နေထိုင်မှုစရိတ် ကြီးမြင့်ပြီး လူမှုဝန်ဆောင်မှုတွေ ညံ့ဖျင်းလာတာကို လူထုက ဒေါသထွက်ခဲ့ကြပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း အီတလီနိုင်ငံမှာ အပြင်းထန်ဆုံး ဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။
Source: Reuters











