DVB Logo
Home
မြန်မာသတင်း
အားကောင်း တိုက်ဖွန်းမုန်တိုင်းကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ စိုးရိမ်
DVB
·
October 12, 2019
အားကောင်း တိုက်ဖွန်းမုန်တိုင်းကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ စိုးရိမ်
Donate to DVB

နှစ် ၆၀ အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘိစ် ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်မှာ ဖြစ်တဲ့အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် စနေညနေ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပြီး လေတိုက်နှုန်း တနာရီကို ၁၃၄ မိုင်နဲ့ တိုကျိုရဲ့ အရှေ့ဘက် ချိဘခရိုင်ကနေ ကုန်းတွင်းဝင်ရောက်မယ့် အဆင့်ငါး တိုင်ဖွန်းမုန်တိုင်းကြီးရဲ့အကြို မိုးဒဏ်လေဒဏ်တွေကို ဂျပန်မှာ စတင်ခံစားနေရပြီ ဖြစ်ပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီတွေနဲ့ သတင်းမီဒီယာတွေက ထုတ်ပြန်ချက်တွေကို လေ့လာကြည့်ရှုပြီး ကြိုတင်ပြင်ဆင်နေကြတယ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

တိုကျိုမြို့တော် အပါအဝင် နေရာတော်တော်များများက ကုန်တိုက်တွေမှာ သောက်ရေသန့် အပါအဝင် အစားစာတွေ အလွန်အမင်း ဝယ်ယူစုဆောင်းနေကြလို့ ကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။

တိုက်ဖွန်း ဟာဂီဘိစ်ကို “အလွန်ပြင်းထန်တဲ့ မုန်တိုင်း” အဖြစ် မိုးလေဝသအရာရှိတွေက သတ်မှတ်ထားပြီး လူပေါင်း ၁၂၀၀ လောက်အထိ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၅၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းလို အသွင်တူနေတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး အသက်ဆုံးရှုံးရမှု မဖြစ်ရအောင် ကာကွယ်ကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို သတိပေးနေပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတဦးက “အရင်နှစ်တွေထက်ကို ပိုကြီးတဲ့ မုန်တိုင်းဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခိုင်းထားတယ်။ ရေချွေတာခိုင်းတာတို့၊ မှန်ပြတင်းပေါက်တွေမှာ ကာဖို့အတွက်ကို အကုန်လုံးကြိုတင်ပြီး အသိပေးပါတယ်။ ပြီးခဲ့လက တခါ တိုက်တယ်။ အဲဒီ့ထက်ကို တဆပိုပြင်းတဲ့ မုန်တိုင်းလို့ သိရတယ်။ တနာရီမိုင် ၉၀ နှုန်းပေါ့။ အခုကတော့ လမ်းမပေါ်မှာ တက္ကစီဆိုရင် မတွေ့ရသလောက်ပဲ။ ကိုယ်ပိုင်ကား အနည်းအကျဉ်းလောက်ပဲ သွားတာ တွေ့ရတယ်။”

မုန်တိုင်းက ပစိဖိတ်သမုဒ္ဒရာအပေါ်ကနေ ဖြတ်သန်းပြီး ဂျပန်ကျွန်းမကြီး ဖြစ်တဲ့ ဟွန်းရှူးကျွန်းကို ဦးတည်ပြီး မြောက်ဘက် ဟော်ကိုင်းဒိုးကျွန်းစုဘက် ရွေ့လျားနေပါတယ်။

စံချိန်တင် မိုးရွာသွန်းမှာဖြစ်လို့ တိုကျိုမြို့မှာ အောက်တိုဘာ ၁၂ ရက်နေ့မနက် ၉ နာရီ ကစလို့ ရထားတွေ စတင်ရပ်နားမှာဖြစ်ပါတယ်။

East Japan Railway ကုမ္ပဏီက တိုကျိုပတ်ဝန်းကျင်ဧရိယာအတွင်းနဲ့ ရှီဇုအိုခ(Shizuoka) ခရိုင်တွင်း ပြေးတဲ့ ရထားလိုင်းအချို့ စတင်ရပ်ဆိုင်းထားမှာ ဖြစ်သလို တိုကျိုနဲ့ နာဂိုယာကြား ရှင်းကန်ဆန် ကျည်ဆန်ရထားပြေးဆွဲမှုကို မနက်ပိုင်းကစပြီး ရပ်နားမယ်လို့ ကြေညာထားပါတယ်၊၊

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013