DVB Logo
Home
မြန်မာသတင်း
ထားဝယ်ခရိုင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ကလုံးထာရွာကို အစမ်းလွှတ်မည်
DVB
·
October 12, 2019
ထားဝယ်ခရိုင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ကလုံးထာရွာကို အစမ်းလွှတ်မည်
1 / 10
Donate to DVB

ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ဒေသအခြေပြုခရီးသွားလုပ်ငန်း (CBT) ဆောင်ရွက်နေတဲ့ ကလုံးထာကျေးရွာကို ဧည့်သည်များအား နေ့ချင်းပြန်ခရီး အစမ်းလွှတ်သွားမယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့၊ သယံဇာတနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဦးလှထွေးက ပြောပါတယ်။

အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ နိုင်ငံခြားသားတွေကို အရင်သွားရောက်ခွင့်ပြုပြီးနောက် ပြည်တွင်း ခရီးသွားတွေကို အစမ်းစေလွှတ်မှာလည်း ဖြစ်ပါတယ်။

“ဖွင့်ပွဲတွေ ဘာတွေ မလုပ်သေးဘူး၊ စမ်းဦးမယ်၊ အစမ်းသွားတဲ့အပေါ်မှာ ဘယ်လောက် အောင်မြင်လဲ၊ ကျနော်တို့က ပံ့ပိုးပေးနိုင်မလဲ၊ ပံ့ပိုးပေးရမလဲဆိုတာကို သုံးသပ်မယ်။”

ကလုံးထာရွာမှာ သဘာ၀အတိုင်း တည်ရှိတဲ့ ကလုံးထာချောင်း၊ တောင်ပတ်လမ်းလျှောက်တာ၊ ရေပူတွင်းနဲ့ ဒေသေခံတွေ လုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်း၊ အုန်းမှုတ်ခွက် ပြုလုပ်တဲ့ လုပ်ငန်းတို့ကို လေ့လာခွင့်ရမယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေပူတွင်းနေရာမှာ ဧည့်သည်တွေ နားခိုနိုင်ဖို့ ဝါးနဲ့ အဆောက်အဦတလုံး ဆောက်လုပ်နေပြီး ကလုံးထာချောင်း ဆင်းလမ်းမှာလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်နေတယ်လို့ ကလုံးထာရွာမှ ဒေသအခြေပြုခရီးသွားလုပ်ငန်း ဦးဆောင်သူတဦးဖြစ်တဲ့ ဦးကြီးမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး ကလုံးထာကျေးရွာမှာ NGO အဖွဲ့အစည်းတခုရဲ့ နည်းပညာပံ့ပိုးကူညီမှုနဲ့ ဒေသအခြေပြု ခရီးသွားလုပ်ငန်းကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသအခြေပြု ခရီးသွားလုပ်ငန်းကြောင့် ဒေသခံတွေဟာ ဖွဲ့စည်းထားတဲ့ ကော်မတီမှ ရရှိတဲ့ငွေကို ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တာ၊ ခရီးသွားလုပ်ငန်းမှာ ပါ၀င်ဆောင်ရွက်သူတွေ၊ ရွာဧည့်လမ်းညွှန်တွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိတာနဲ့ အသက်မွေး၀မ်းကျောင်းလုပ်ငန်းတွေကို ပိုမိုထိန်းသိမ်းလိုစိတ် ရှိလာမယ်လို့ သိရပါတယ်။

ကလုံးထာရွာမှာ အိမ်ခြေ ၁၈၂ အိမ်လူဦးရေ ၁၀၀၀ ကျော်လောက် ရှိပါတယ်။ ဒေသခံတွေဟာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး တပိုင်တနိုင် သတ္တုတူးဖော်ခြင်း လုပ်ငန်းနဲ့ ရာသီအလိုက် သစ်တောထွက်ပစ္စည်းရှာဖွေကာ အသက်မွေး၀မ်းကျောင်းပြုနေတဲ့ ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT) ကို ထား၀ယ်ခရိုင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ စတင်အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ပြီး အခု ကလုံးထာရွာကတော့ ဒုတိယမြောက် ဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ မြိတ်ခရိုင်၊ ဒုံးညောင်မှိုင်းရွာနဲ့ ကော့သောင်းခရိုင်၊ မကြုံကလက်ရွာတို့မှာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ဖို့ ရည်ရွယ်ထားပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ထား၀ယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားဇုန်းစီမံကိန်း စပျိုးဆောင်ရွက်စဉ် စီမံကိန်းအတွက် လိုအပ်တဲ့ရေကို ရေကာတာ တည်ဆောက်ပြီး ကလုံးထာချောင်းကနေ ယူဖို့ စီစဉ်ခဲ့တာကိုလည်း ကလုံးထာရွာ ဒေသခံတွေက ကန့်ကွက်ခဲ့ပါတယ်။

တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013