
ကမ္ဘာကြီးဟာ ၁၉၇၃ နဲ့ ၁၉၇၉ ရေနံရှော့ခ်ကြီး ၂ ခုအပြင် ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲ ဓာတ်ငွေ့အကျပ်အတည်း ဒီ ၃ ခုပေါင်းထက် ပိုဆိုးရွားတဲ့ စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ ဖာတီ ဘီရော့လ်က သတိပေးလိုက်ပါတယ်။
မတ် ၂၃ ရက် သြစတြေးလျနိုင်ငံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘီရော့လ်က အခုလို ပြောကြားခဲ့ပါတယ်။
“လက်ရှိအခြေအနေအရ ဒီအကျပ်အတည်းဟာ ရေနံအကျပ်အတည်း ၂ ခုနဲ့ ဓာတ်ငွေ့ပြတ်လပ်မှု တခုတို့ကို ပေါင်းထားသလိုပါပဲ။”
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုနဲ့ စွမ်းအင်အဆောက်အအုံတွေ တိုက်ခိုက်ခံရတာကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု တနေ့ကို စည်ပေါင်း ၁၁ သန်းလောက် လျော့ကျသွားပါတယ်။
ဒါ့အပြင် နိုင်ငံ ၉ နိုင်ငံက စွမ်းအင်ဆိုင်ရာ အဆောက်အအုံ အနည်းဆုံး ၄၀ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲ နောက်ဆက်တွဲအဖြစ် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၇၅ ဘီလီယံ လျော့ကျခဲ့ပေမဲ့ အခုအခါမှာတော့ ဘာဝဓာတ်ငွေ့ရည် (LNG) ကုဗမီတာ ၁၄၀ ဘီလီယံလောက်အထိ လျော့ကျသွားတယ်လို့ ဘီရော့လ်က ရှင်းပြပါတယ်။
ဒီလအစောပိုင်းက အရေးပေါ်သိုလှောင်ကန်တွေကနေ ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်သုံးဖို့ ကြေညာထားတဲ့ IEA ဟာ စွမ်းအင်သုံးစွဲမှုလျှော့ချမဲ့ နည်းလမ်းတွေကို မတ် ၂၀ ရက်မှာ အဆိုပြုခဲ့ပါတယ်။
အဲဒီအဆိုပြုချက်တွေထဲမှာ အိမ်ကနေ အလုပ်လုပ်တာ၊ ကားကြုံစီးတာနဲ့ အဝေးပြေးလမ်းတွေမှာ ကားအမြန်နှုန်း ကန့်သတ်တာတွေ ပါဝင်ပါတယ်။
ဘီရော့လ်က “ကမ္ဘာတဝန်းက ဆုံးဖြတ်ချက်ချမှတ်သူတွေဟာ ပြဿနာရဲ့ အတိမ်အနက်ကို သေချာနားမလည်ကြဘူးလို့ ထင်တယ်” လို့ ပြောပါတယ်။










