
ပင်လယ်ကွေ့ဒေသ ကာတာနိုင်ငံရှိ ဓာတ်ငွေ့စက်ရုံတွေ တိုက်ခိုက်ခံရမှုဟာ အမေရိကန်နဲ့ ဆက်နွှယ် နေတဲ့ နေရာတွေကို ပစ်မှတ်ထားတာဆိုတဲ့ အီရန်ရဲ့ ပြောဆိုချက်ကို ကာတာအစိုးရက မတ် ၁၉ ရက်မှာ ပယ်ချလိုက်ပါတယ်။
မတ် ၁၈ ရက်က အစ္စရေးဟာ အီရန်ရဲ့ "ဆောက်သ်ပါးစ်" ဓာတ်ငွေ့စက်ရုံတွေကို တိုက်ခိုက်ခဲ့တာ ကြောင့် အီရန်က လက်စားချေတဲ့အနေနဲ့ ကာတာနိုင်ငံက ရာ့စ်လာဖှန်စက်ရုံကို ပြန်တိုက်ခိုက်ခဲ့ တာပါ။
အဲဒီတိုက်ခိုက်မှုဟာ ကာတာပြည်သူတွေအတွက် ဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ ကာတာပိုင် သဘာဝဓာတ်ငွေ့စက်ရုံ တခုကို တိုက်ခိုက်မှုဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ကာတာပြည်သူတွေ အတွက်သာမက ကာတာနိုင်ငံမှ ကူညီနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအပေါ်လည်း သက်ရောက်မှုရှိခဲ့တယ်လို့ ကာတာဝန်ကြီးချုပ်လည်းဖြစ်တဲ့ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ် မိုဟာမဒ်ဘင် အဗ္ဗဒူလ်ရာမန် အလ်-ထာနီက ဒိုဟာမြို့တော်မှာ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကာတာဝန်ကြီးချုပ်က“ဒီစစ်ပွဲနဲ့ ကျူးကျော်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ လိုပါတယ်။ သံတမန်ရေး လမ်းကြောင်းတွေကိုလည်း အမြဲဖွင့်ထားပါတယ်။ ဒီစစ်ပွဲကြောင့် ပျက်စီးသွားတဲ့ ယုံကြည်မှုတွေကို ပြန်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ဒီတိုက်ခိုက်မှုအပေါ် ဥပဒေကြောင်းအရ ရနိုင်သမျှ နည်းလမ်းအားလုံးနဲ့ ပြန်လည်တုံ့ပြန်ပိုင်ခွင့် အပြည့်အဝရှိပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ အတွက် နိုင်ငံတကာဥပဒေအရ ပေးဆပ်ရမဲ့ တန်ဖိုး အလျော်ပေးမှုတွေလည်း ရှိလာပါလိမ့်မယ်” လို့ပြောပါတယ်။
ကာတာရဲ့ ဒီစက်ရုံဟာ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် (LNG) ထုတ်လုပ်ရာနေရာဖြစ်ပြီး အခု တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတာတွေကို ပြန်ပြင်ဖို့ ၅ နှစ်လောက် ကြာနိုင်တယ်လို့ ကာတာက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကြာသပတေးနေ့မှာ ကမ္ဘာ့လောင်စာဆီနဲ့ စွမ်းအင်စျေးနှုန်းတွေ ရုတ်တရက် ထိုးတက်သွားပါတယ်။
Source: Reuters










