
ချက်နိုင်ငံရဲ့ နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ ကာလိုဗီဗာရီနိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Karlovy Vary International Film Festival) ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Crystal Globe ဆုကို မြန်မာ LGBT ရုပ်ရှင်ကားတကားအဖြစ် ပုံဖော်ဖန်တီးထားတဲ့ “သစ်သီးခူး” ရုပ်ရှင်က ဆွတ်ခူး ရရှိသွားပါတယ်။
ဒီကားကိုတော့ မြန်မာလူငယ်ဒါရိုက်တာ အောင်ဖြိုးက ရိုက်ကူးခဲ့တာဖြစ်ပြီး ဆန်ခါတင် ၁၂ ကား စာရင်းမှာ အိမ်ရှင် ချက်နိုင်ငံက ရုပ်ရှင်ကား အပါအဝင် ဆွစ်ဇာလန်၊ ကိုလံဘီယာနဲ့ လက်ဘနွန် စတဲ့နိုင်ငံတွေအသီးသီးက ရုပ်ရှင်တွေနဲ့အတူ ယှဉ်ပြိုင်ခဲ့ရတာပါ။
ဆုရရုပ်ရှင်အနေနဲ့ ဒီကားအပေါ် ဒိုင်လူကြီးတွေက “ဒီဇာတ်ကားဟာ အလုပ်သမား ဘဝနဲ့ သံယောဇဉ် သူငယ်ချင်းဖြစ်တည်မှုကို အတွေးပွားစရာ စိတ်ကူးယဉ်ဆန်ဆန်၊ ဆိတ်ငြိမ်အေးချမ်းစွာ ပုံဖော်ထုဆစ်မှုနဲ့ စတင်ခဲ့ပြီးနောက် မမျှော်လင့်ဘဲ သဘာဝကျကျနဲ့ စွဲလမ်းမှု၊ လိင်တူချစ်ခြင်းဆိုင်ရာ ရင်နင့်ဖွယ် ဒရမ်မာတခုအဖြစ် အသွင်ပြောင်းလဲသွားတယ်”လို့ မှတ်ချက်ပြုထားပါတယ်။
ကာလိုဗီဗာရီ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကိုတော့ ၁၉၄၆ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်မှာ အကြိမ် ၆၀ မြောက်အဖြစ် ကျင်းပတာဖြစ်ကာ ချက်နိုင်ငံရဲ့ နာမည်ကြီး ရေပူစမ်းအပန်းဖြေမြို့လေးဖြစ်တဲ့ ကာလိုဗီဗာရီမြို့မှာ နှစ်စဉ် ဇွန်လနှောင်းပိုင်းကနေ ဇူလိုင်လဆန်းအထိ ကျင်းပလေ့ရှိပါတယ်။
ပွဲတော်ရဲ့ အဓိကပြိုင်ပွဲဝင်ကဏ္ဍမှာ ပေးအပ်တဲ့ အမြင့်ဆုံးဆုကတော့ “ဖန်သား ကမ္ဘာလုံးဆု” ဖြစ်ကာ ဒီဆုဟာ ရုပ်ရှင်လောကမှာ အလွန်ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတဆုအနေနဲ့ ထင်ရှားပါတယ်။
ကာလိုဗီဗာရီက နိုင်ငံတကာပွဲတော်တခု ဖြစ်တာမှန်ပေမဲ့ ဒီနှစ် အဓိကပြိုင်ပွဲဝင်ကဏ္ဍမှာ ပုံမှန်အားဖြင့် တွေ့ရခဲတဲ့ မြန်မာနဲ့ လက်ဘနွန်လို နိုင်ငံတွေ ပါဝင်လာတာနဲ့ ပတ်သက်လို့ ပွဲတော်ရဲ့ အနုပညာဒါရိုက်တာ ကာရယ် အော့ခ်က “ဒါက တိုက်ဆိုင်မှု တခုလို့ပဲ ပြောရမှာပါ။ ကျနော်တို့ ဒီနှစ် ပြိုင်ပွဲဝင်ဇာတ်ကားတွေကို ရွေးချယ်တဲ့အခါမှာ ပိုပြီးတော့ ဆန်းပြားတဲ့နိုင်ငံတွေ ပါဝင်လာအောင် တမင်တကာ ရည်ရွယ်ပြီး လုပ်ခဲ့တာမျိုး မဟုတ်ပါဘူး။
ကိုလံဘီယာနိုင်ငံလည်း ပါဝင်သလို ပွဲတော်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဆွစ်ဇာလန်နိုင်ငံကလည်း ပါဝင်လာပါတယ်။
အနုပညာဒါရိုက်တာ ကာရယ် အော့ခ်က “နှစ်ပေါင်း ၈၀ အတွင်း အကြိမ် ၆၀ မြောက် ပွဲတော်အထိမ်း အမှတ်ကို ဆင်နွှဲနေတဲ့ အခုလိုနှစ်မျိုးမှာ အခုလို ထူးခြားတဲ့ဖြစ်ရပ်မျိုး ဖြစ်လာတဲ့အတွက် ကျနော် တကယ်ပဲ ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ပွဲတော်ရဲ့ သမိုင်းကြောင်းကို ပိုပြီး ပြန်လှည့်ကြည့်မိလို့ပါပဲ။ ကျနော့်ရဲ့ ရှေ့ဆောင်တဦးဖြစ်ပြီး ပွဲတော်ကို ပူးတွဲတည်ထောင်ခဲ့သလို ကာလရှည်ကြာ ပရိုဂရမ် ဒါရိုက်တာ လုပ်ခဲ့တဲ့ ပရော်ဖက်ဆာ အန်တိုနင် မာတင်ဘရူဆဲလ် အကြောင်းကို ကျနော် ဘယ်တော့မှပြောလို့ ရိုးမှာ မဟုတ်ပါဘူး။ သူဟာ လွန်ခဲ့တဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေ အစောပိုင်းတုန်းက ‘အာရှ၊ လက်တင်အမေရိကနဲ့ အာဖရိကက မျိုးဆက်သစ် ရုပ်ရှင်ပညာရှင်များ ဆွေးနွေးပွဲ’ ဆိုတဲ့ အစီအစဉ်တခုကို စတင်ခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီတိုက်ကြီးတွေက ရုပ်ရှင်တွေကို ကာလိုဗီဗာရီဆီ ယူဆောင်လာ ရုံတင်မကဘဲ ရုပ်ရှင်ဒါရိုက်တာတွေကိုပါ ပွဲတော်ဆီ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေက လုံးဝ မရိုးရှင်းတဲ့ ကိစ္စမျိုးပါ။ ဒါကြောင့် ဒီနှစ် အဓိကပြိုင်ပွဲမှာ ထူးခြားတဲ့ နိုင်ငံတွေ ပါဝင်လာတာဟာ ကာလိုဗီဗာရီ ပွဲတော်ကြီးရဲ့ အတိတ်သမိုင်းကြောင်းနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေတယ်လို့ပဲ ကျနော်တို့ တွေးချင်ပါတယ်” လို့ ပြောထားပါတယ်။
အခုနှစ် ရွေးချယ်ခံရတဲ့ မြန်မာရုပ်ရှင် “သစ်သီးခူး” ကတော့ မြေပြင်အရှိတရားနဲ့ လူမှုအကျပ်အတည်းကို ပုံဖော်မှုအဖြစ် လက်ရှိ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံ အလုပ်သမား အမျိုးသမီးငယ်တွေရဲ့ ဘဝအကျပ်အတည်း၊ စီးပွားရေးမရေရာမှုတွေကို ချက်နိုင်ငံအလယ်က ကမ္ဘာ့စင်မြင့်ထက်မှာ ရုပ်ရှင်အနုပညာနဲ့ မီးမောင်းထိုးပြခွင့်ရမှာ ဖြစ်သလို အမျိုးသမီး အချင်းချင်းကြားက နီးစပ်မှုနဲ့ ချစ်ခင်စုံမက်မှုကို လူမှုပတ်ဝန်းကျင်က လက်မခံနိုင်သေးတဲ့ နိုင်ငံမျိုး ဆိုတဲ့ အချက်ကိုလည်း ဖော်ပြထားကြောင့် ဒါဟာ မြန်မာ့ရိုးရာအစဉ်အလာနဲ့ ခေတ်သစ်လူငယ်တွေရဲ့ လွတ်လပ်ခွင့် တောင်းဆိုမှုကြားက ပွတ်တိုက်မှုတွေကိုပါ ထင်ဟပ်နေတာ ဖြစ်ပါတယ်။










