
ဆင်းရဲမွဲတေမှု ဆိုးဝါးလာနေတာကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့က အခြေခံလူတန်းစားတွေ အနေများတဲ့ ရပ်ကွက်တချို့နဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ ဝမ်းတွင်းကလီစာ ကျောက်ကပ်ကို အခကြေးငွေနဲ့ ရောင်းစားမှု တွင်ကျယ်လာနေတယ်လို့ စုံစမ်းသိရပါတယ်။
အဲဒီမြို့နယ်ထဲမှာ လတ်တလော ကျောက်ကပ်တခြမ်းကို ငွေကျပ် သိန်းရာချီ ဈေးကွက်ပေါက်ဈေး ရှိပြီး ရောင်းချသူတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေနဲ့ ကျောက်ကပ်ဝယ်ခဲ့သူတချို့က ပြောပါတယ်။
အမရပူရမြို့နယ်အတွင်းကနေ ကျောက်ကပ်အစားထိုးဖို့ ဝယ်ခဲ့သူတယောက်နဲ့ နီးစပ်သူက “အသိတယောက်က ကျောက်ကပ်ဆေးနေရတာ ကြာပြီ။ သူတို့အိမ်က ပိုက်ဆံလည်း ရှိတယ်။ ပွဲစားတယောက်နဲ့ ချိတ်မိတာ။ ကျောက်ကပ် ရမယ်ပေါ့။ အဲဒါနဲ့ ရောင်းမဲ့သူနဲ့တွေ့၊ လိုအပ်တဲ့ ဆေးစစ်တာတွေ လုပ်တာ၊ ကိုက်ညီနေတော့ ဝယ်လိုက်တာ။ သိန်း ၂၀၀ ကျော် ပေးရတယ်။ နေပြည်တော်မှာ ခွဲစိတ်ရမှာတဲ့။ ဒါပေမဲ့ ရှေ့မှာ အဲဒီလို ခွဲစိတ်မဲ့သူတွေ များနေတော့ တနှစ်လောက်ထိ ထပ်စောင့်ရဦးမယ်တဲ့” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော် ကြာလာချိန်မှာတော့ အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးကျပ်တည်းမှုတွေကြောင့် အခုလို ကျောက်ကပ်ရောင်းချမှုတွေ ခေတ်စားလာနေပြီး မန္တလေး အပါအဝင် ရန်ကုန်နဲ့ တခြားမြို့နယ်တွေမှာလည်း ရောင်းချမှုတွေ ရှိနေတယ်လို့ ကျောက်ကပ်ပွဲစားတချို့က ပြောပါတယ်။
ကျောက်ကပ်ရောင်းဝယ်မှု ဈေးကွက်ကို သိသူတယောက်က “ကျောက်ကပ်ရောင်းမဲ့သူတွေက များတယ်။ အလုပ်မရှိ၊ ဝင်ငွေကလည်းကျပ်တော့ ရတာကြံကြတာ။ တလောက ရောင်းလိုက်တဲ့ ကောင်လေးဆိုရင် သူ့မိန်းမ ဗိုက်ခွဲဖို့ ပိုက်ဆံမရှိလို့တဲ့။ အခု စရန်တဝက်တော့ ရထားပြီ။ ခွဲစိတ်ပြီးမှ ကျန်တဲ့ငွေရမှာ။ သူ့ရှေ့မှာလည်း ရောင်းထားတဲ့သူတွေ အများကြီးပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ ကျောက်ကပ် ရောင်းချသူတွေနဲ့ ဝယ်သူတွေဟာ ကျောက်ကပ်လှူတဲ့ ပုံစံမျိုးနဲ့ ဝယ်ယူနေတာ ဖြစ်ပြီး ခွဲစိတ်မှုတွေကိုတော့ နေပြည်တော်က ဆေးရုံတချို့မှာ လုပ်ဆောင်ပေးနေတယ်လို့ ဒီအကြောင်းကို သိသူတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ ကျောက်ကပ်ရောင်းဝယ်တာ တရားမဝင်သလို ရောင်းလိုက်တဲ့သူ အနေနဲ့လည်း ရေရှည်ကျန်းမာရေးဆိုးကျိုးတွေ ထိခိုက်ခံစားရနိုင်တယ်လို့ ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန်တယောက်က ရှင်းပြပါတယ်။
“ကျောက်ကပ်တခြမ်း ဖြုတ်ရောင်းပြီး ပုံမှန်လူတွေလို နေနိုင်တယ် ဆိုပေမဲ့ ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ အများကြီး ကြုံရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျန်တဲ့ကျောက်ကပ် တခြမ်းက နှစ်ခုစာ အလုပ်လုပ်ရသလို ဖြစ်သွားတာ။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ရည်လည်း ကျသွားပြီး နောက်ပိုင်းမှာ ဆီးချို သွေးတိုး စတာတွေဝင်လာရင် ကျန်တဲ့ကျောက်ကပ်ပါ ပျက်စီးနိုင်တယ်။ အလုပ်ကြမ်းတွေ ပင်ပန်းတာတွေ မလုပ်နိုင်တော့ဘူး၊ မောပန်းလွယ်လာမယ်၊ အစားအသောက်တွေ ဆင်ခြင်ရမယ်၊ တသက်လုံး ကျောက်ကပ်ဆေးတွေ သောက်နေရမယ်။ ရေရှည်မှာ ဒီလိုပြဿနာတွေ ကြုံလာရနိုင်ပါတယ်။”
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေမှု ကမ္ဘာ့အဆိုးဆုံးနိုင်ငံတွေထဲ ပါဝင်နေပြီး သန်းနဲ့ချီတဲ့ လူတွေဟာ အာဟာရပြတ်လပ်မှု၊ အမိုးအကာ မလုံခြုံမှုနဲ့ ကျန်းမာရေး ချွတ်ခြုံကျနေပြီး အရေးပေါ် အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ဖော်ပြပါတယ်။











