DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်း ဝင်ရောက်၊ နေအိမ် ၄ လုံး ပျက်စီး
DVB
·
October 6, 2019
တိုက်ကြီးတွင် တောဆင်ရိုင်း ဝင်ရောက်၊ နေအိမ် ၄ လုံး ပျက်စီး
1 / 3
Donate to DVB

တိုက်ကြီးမြို့နယ်၊ ကြို့ပင်ကျေးရွာမှာ အောက်တိုဘာ ၅ ရက်နေ့ မနက် ၂ နာရီလောက်က တောဆင်ရိုင်းတကောင် ဝင်ရောက်ခဲ့ပြီး ဝင်ရောက်စားသောက် ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။

နေအိမ် ပျက်စီးသူ မစန်းမိုးအေးက “ည ၂ နာရီလောက် ရှိမယ်။ ကျမ အိမ်ဘေးက အိမ်ကို အရင်ဝင်ပြီး ဖျက်ဆီးတယ်။ နောက် ကျမတို့အိမ်ဘက်ကို ဆက်လာပြီး ဖျက်တယ်။ ဆင်က အကောင်တော်တော်ကြီးတယ်။ ဝိုင်းပြီး ခြောက်မောင်းတာလည်း မရဘူး။ ဆင်ဝင်လာကတည်းက မိသားစုတွေ အိမ်နောက်ဖေးဘက်ကနေ အကုန်ထွက်ပြေးခဲ့ရတယ်။ မနှစ်ကလည်း တခါ အဖျက်ခံရတယ်၊ ဒီနှစ်နဲ့ဆို နှစ်ခါရှိပြီ။ ကျမအစ်ကိုဆို ဆင်နင်းသတ်လို့ သေဆုံးခဲ့ရတယ်။ ဒါကြောင့် ဒီဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးစေချင်ပါတယ်။ အရမ်းကြောက်လို့ပါ” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်နောက်ပိုင်း တောဆင်ရိုင်းတွေကြောင့် အလုပ်ကောင်းကောင်း မလုပ်နိုင်ဘဲ စားဝတ်နေရေး အဆင်မပြေဖြစ်နေပြီး အခုလိုဖျက်ဆီးခံနေရတာ ကူညီမယ့်သူမရှိဘူးလို့ ဆယ်အိမ်မှူး ဦးကြင်က ပြောပါတယ်။

“ဆင်တွေက အရင်က ဒီလောက်မဆိုးပေမယ့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပိုဆိုးလာလို့ အလုပ်ကောင်းကောင်း မလုပ်ရဘူး။ စားဝတ်နေရေး အဆင်မပြေကြဘူး။ သက်ဆိုင်ရာတွေကို အကူအညီတောင်းပေမယ့် ခုချိန်ထိ ကူညီမယ့်သူ မရှိဘူး။ ဒီကြားထဲ ဆင်နင်းခံရပြီး သေဆုံးတဲ့သူ မိသားစုတွေက အလောင်းလာကောက်တဲ့ ရဲတွေကို ငွေ ၅ သောင်း ပေးရတယ်။ ဆင်တွေက အရင်က တစ်ကောင်၊ နှစ်ကောင်သာ လာတယ်။ ခုနောက်ပိုင်း အုပ်စုလိုက် လာတယ်။ ဆင်လိုက်လို့ ပြေးခဲ့ရတာတွေလည်း အကြိမ်မနည်းတော့ဘူး။ ဆင်နင်းသတ်လို့ သေဆုံးတဲ့သူတွေလည်း ရှိပါတယ်”လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးဇော်ဇော်မင်းက “ဆင် ဆိုတာ သဘာဝတောရိုင်းတိရစ္ဆာန် ဖြစ်တဲ့အတွက် သစ်တောထဲမှာပဲ နေတယ်။ ဆင်ရဲ့သဘာဝက လူတွေနဲ့ အနီးစပ်ဆုံးနေတဲ့ သတ္တဝါ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ သစ်တောတွေက တနေ့ထက် တနေ့ ပြုန်းလာသလို လူဦးရေကလည်း တိုးလာတယ်။ လူတွေက ကျနော်တို့ သဘာဝသစ်တောတွေကို မှီခိုစားသောက်နေရတဲ့အတွက် တောထဲကို အရောက်အပေါက် များလာတယ်။ လူတွေ ရောက်လာတဲ့အတွက် ဆင်တွေရဲ့ စားကျက်တွေ ကျဉ်းမြောင်းပြီး လူတွေနေတဲ့ ကျေးရွာတွေကို ရောက်လာတယ်။ သူတို့အစာအတွက် လူတွေ စိုက်ပျိုးထားတာတွေကို ဝင်ရောက်စားသောက်နေတာပါ။ တောဆင်ရိုင်းတွေ ဝင်လာရင် အကြောင်းကြားပေးဖို့ မှာထားသလို ကျေးရွာတွေက အကြောင်းကြားလာရင် သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး မောင်းထုတ်ပေးတာတွေ ပြုလုပ်ပေးနေပါတယ်” လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ်ထဲမှာ ၂၀၁၅ ခုနှစ်က စတင်ပြီး တောဆင်ရိုင်းတွေဟာ စိုက်ပျိုးထားတဲ့ စပါး၊ ကြံနဲ့ တခြားသီးနှံစိုက်ခင်းတွေကို ဝင်ရောက် စားသောက်သလို ကျေးရွာတွေထဲ ဝင်ရောက်ပြီး နေအိမ်တွေမှာရှိတဲ့ ဆန်နဲ့ တခြား အစားအသောက်တွေကို ဝင်ရောက်စားသောက်တာတွေ၊ လူနေအိမ်တွေကို ဖျက်ဆီးတာနဲ့ အန္တရာယ်ပေးတာတွေ ပြုလုပ်နေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလက တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းကြောင့် အိမ်ခြေ ၁၀ လုံးကျော် ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း ဆင်စခန်းက ဆင်တကောင် တောဆင်ရိုင်း တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ နှစ်စဉ် တောဆင်ရိုင်း နင်းသတ်ခံရပြီး လူ ၃ ယောက်ထက်မနည်း သေဆုံးနေရတယ်လို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။

မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013