DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်ဒေသများ၌ မြွေအန္တရာယ် သတိထားရန် နှိုးဆော်
DVB
·
August 13, 2026
Photo : DVB
Photo : DVB
Donate to DVB

ရေဘေးသင့်ဒေသတွေမှာ နောက်ဆက်တွဲအနေနဲ့ မြွေအန္တရာယ်ပါ ထပ်ကြုံလာနေရတာကြောင့် ကယ်ဆယ်ရေး သွားတဲ့သူတွေအနေနဲ့ အပင်တွေ အိမ်ခေါင်းမိုးတွေမှာ ရှိနေနိုင်တဲ့ အဆိပ်ပြင်းမြွေ တွေကို သတိထားကြဖို့ ကူညီပေးနေသူတွေက သတိပေးနှိုးဆော်ထားပါတယ်။

ရေကြီးရေလျှံမှုဖြစ်တဲ့ ဒေသတွေမှာ သဘာဝဘေးအန္တရာယ်အပြင် ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တွေအတွက် နောက်ဆက်တွဲ  ခြိမ်းခြောက်မှုတခုက မြွေအန္တရာယ်ပါ။

လူတွေနည်းတူ မြွေ၊ တွားသွားသတ္တဝါနဲ့ အင်းဆက်တွေဟာလည်း သူတို့ရဲ့ နေရပ်တွေ ရေလွှမ်းခံ ရတဲ့အခါ ကုန်းမြေမြင့်နဲ့ လူနေအိမ်တွေဆီကို ထွက်ပြေးခိုလှုံလာကြတာပါ။

လက်ရှိ ငဝန်မြစ်ရေကာတာကျိုးပြီး ရေဘေးဒဏ်အဆိုးဆုံးခံနေရတဲ့ လေးမျက်နှာမြို့နယ်ရဲ့ ကျေးရွာ တချို့မှာ အဆိပ်ပြင်းမြွေတွေဖြစ်တဲ့ မြွေဟောက် မြွေပွေးနဲ့ ငန်းတော်ကြားတွေကို အပင်တွေပေါ်နဲ့ အိမ်ခေါင်းမိုးတွေပေါ်တွေမှာ စိုးရိမ်စရာ အနေအထားနဲ့ တွေ့ခဲ့ရတယ်လို့ ကယ်ဆယ်ရေးသမား တယောက်က ပြောပါတယ်။

လေးမျက်နှာရေဘေးကူညီနေသူတယောက်က “ကျနော်တို့ လေးမျက်နှာထဲက သပြေအိုင်ရွာကို သွားတုန်းက အပင်တိုင်းအပင်တိုင်းမှာ မြွေတွေကြီးပဲ၊ မြွေဟောက်တွေကော ဆိုက်ဒ်စုံပဲ ရေကူး နေတာတွေလည်း အများကြီးပဲ လက်တောင်ချမထားရဲဘူး။ ထပ်သွားမဲ့သူတွေအနေနဲ့ အပင်တွေအောက် တန်းမဝင်ကြဖို့နဲ့ ရေတက်နေသေးတဲ့ အိမ်တွေထဲဝင်မယ်ဆိုလည်း အသံလေးဘာလေး ပေးပြီးမှဝင်တာကောင်းမယ်။ အိမ်ခေါင်မိုးတွေမှာလည်း ခွေနေတာတွေအ များကြီးပဲ ကိုက်ခံရတာတွေတော့ မကြားသေးပါဘူး” လို့ ပြောပါတယ်။

မြွေအကြောင်းနားလည်သူတွေရဲ့ အကြံပေးချက်အရ မြွေကို ရိုက်သတ်ဖို့ အနီးကပ်သွားတာက မြွေကိုက်ခံရနိုင်ခြေ အမြင့်မားဆုံးအချိန်ဖြစ်တယ်လို့ဆိုပါတယ်။ 

မြွေတွေဟာ မြေပြင်ရဲ့ တုန်ခါမှုကို ခန္ဓာကိုယ်နဲ့ ကောင်းစွာ ခံစားသိရှိနိုင်တဲ့အတွက် ခေါင်မိုး ဒါမှမဟုတ် ကြမ်းပြင်ကို တုတ်နဲ့  ရိုက်ပြီး အသံပေးရင် လူရှိတဲ့နေရာကို ရှောင်ထွက်သွားမှာ ဖြစ်တယ်လို့ အကြံပေးထားပါတယ်။

မြွေကိုက်ခံရရင် ဒဏ်ရာကို ဓားနဲ့ ခွဲတာ၊ အရက်နဲ့လောင်းချတာ၊ တွေ့ရာဆေးလိမ်းတာတွေ မလုပ်ဘဲ အကိုက်ခံရသူတွေကို စိတ်ငြိမ်အောင်ထားကာ နီးစပ်ရာကယ်ဆယ်ရေးစခန်းတွေကို အမြန်ဆုံး ပို့ဆောင်ကြဖို့ကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့သူတွေက တိုက်တွန်းထား ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုကူညီနေသူတယောက်က “ကျနော်တို့က ဒီမှာမြွေဟောက်ဖြေဆေးကော မြွေပွေးဖြေဆေးကောထားထားတယ်။ တကယ်လို့ case by case တွေ့လို့ရှိရင် ကျနော်တို့က ချက်ချင်းပြုစုကုသမှုပေးပြီးတော့ မြွေဆိပ်ဖြေဆေး လေးလုံးထိုးပေးပြီးတော့ ဆေးရုံကို တဆင့် ပြန်ပို့ ပေးရတယ်” လို့ ပြောပါတယ်။

ဒီလိုကျန်းမာရေးစောင့်ရှောက်မှုတွေကို စစ်အာဏာရှင်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေမှာပဲ ရနိုင်တာပါ။

စစ်ပွဲအပြင် ရေဘေးပါခံနေရတဲ့ အညာဘက်တွေမှာတော့ မြွေဆိပ်ဖြေဆေးမလုံလောက်လို့ အသက် သေဆုံးတဲ့အထိ ကြုံတွေ့နေရပါတယ်။

ဩဂုတ် ၁၀ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှာ ရေဘေးသင့် ပြည်သူတွေကို သွားရောက်ကူညီပေးနေတဲ့ ရွှေဘိုမြို့နယ် ပကဖ ရဲဘော်တယောက် မြွေကိုက် ခံခဲ့ရပါတယ်။

မြွေကိုက်ခံရချိန်မှာ မြွေဆိပ်ဖြေဆေး အလွယ်တကူ မရတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့အတွက် ဆေးရုံကို အချိန်မီ မပို့နိုင်ခဲ့ဘဲ သေဆုံးခဲ့ရတာလို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ မိုးဆက်တိုက်ရွာတာနဲ့ ဆည်ရေ ဖောက်ထုတ်မှု တွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီစတဲ့ တိုင်း ၄ ခုအတွင်းရှိ မြို့နယ် ၂၁ ခုမှာ လူဦးရေ ၄၅၂,၆၆၃ လောက် ရေဘေးသင့်နေတယ်လို့ NUG ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

မောရစ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013