မာလီကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာဟာ သူ့အိမ်ကို တိုက်ခိုက်မှုတခုအတွင်း သေဆုံးသွားတယ်လို့ အစိုးရက ဧပြီ ၂၆ ရက်မှာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။
ဘာမာကိုမြို့တော်နားက ကာတီမြို့မှာရှိတဲ့ ကာမာရာရဲ့အိမ်ကို အသေခံတိုက်ခိုက်သူတယောက်က ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစီးနဲ့ ဝင်တိုက်ခဲ့တာပါ။
ပစ်ခတ်မှုတွေကြောင့် ကာမာရာ ဒဏ်ရာရခဲ့ပြီး နောက်ပိုင်း ဆေးရုံမှာ သေဆုံးသွားခဲ့တာလို့ အစိုးရပြောရေးဆိုခွင့်ရှိသူ အစ်ဆာ အူစမန် ကူလီဘာလီက ရုပ်သံကြေညာချက်မှာ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ကာမာရာသေဆုံးမှုနဲ့ပတ်သက်လို့ အစိုးရက နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု ၂ ရက် ကြေညာခဲ့ပါတယ်။
ဒေသတွင်း အယ်လ်ကိုင်ဒါအဖွဲ့ခွဲ ဂျမတ်နူဆေးရတ် အယ်လ်အစ်လမ် ဝယ်လ် မွတ်စလီမင် အဖွဲ့ JNIM ဟာ တွာရက်ဂ်လူမျိုးစု လွှမ်းမိုးတဲ့ သူပုန်အဖွဲ့နဲ့ ပူးပေါင်းပြီး နိုင်ငံတဝန်းက နေရာ ၆ ခုကျော်မှာ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့ ၂ ဖွဲ့လုံးက ပြောခဲ့ပါတယ်။ အစိုးရက စုစုပေါင်း သေဆုံးသူဦးရေကို မထုတ်ပြန်သေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေက ဘာမာကို မြို့တော်နားက ကာတီမြို့နဲ့ လေဆိပ်ဧရိယာ အပါအဝင် နေရာတွေအပြင် မော့ပ်တီ၊ ဆီဗရေးနဲ့ ဂါအိုတို့လို မြောက်ပိုင်းမြို့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး မဟာဗျူဟာကျတဲ့ ကီဒယ်မြို့ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တွာရက် ဦးဆောင်တဲ့ အာဇာဝပ် လွတ်မြောက်ရေးတပ်ဦး (FLA) က မြို့ကို သိမ်းပိုက်နိုင်ပြီလို့ ပြောခဲ့ပေမဲ့ မာလီစစ်တပ်က မြို့တွင်း စစ်ဆင်ရေးတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
ပိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ရှိနေပေမဲ့ သူပုန်တွေရဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ စစ်တပ်ဦးဆောင်တဲ့ အစိုးရက ရုန်းကန်နေရတာပါ။ အစိုးရ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုကို ဒီတိုက်ခိုက်မှုက ပေါ်လွင်စေပါတယ်။
ကုလသမဂ္ဂက တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး ဆာဟယ် ဒေသတဝန်း ပိုဆိုးရွားလာတဲ့ မလုံခြုံမှုအပေါ် နိုင်ငံတကာက တုံ့ပြန်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
Source: Reuters










